အနီရောင်ရဲရဲနဲ့ ချိုစိမ့်တဲ့ အရသာရှိတဲ့ သလဲသီးဟာ အမြင်မှာလည်း စားချင်စဖွယ်နဲ့ လှပသလို ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတဲ့ ဆေးဖက်ဝင် အသီးတမျိုး ဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေ သလဲသီးထဲမှာ ပါဝင်တာကြောင့် ဘာကြောင့် သလဲသီးဖျော်ရည် သောက်သုံးသင့်တယ်ဆိုတာ ဧရာဝတီ စာဖတ် ပရိသတ်တွေ အတွက် ရေးသားဖော်ပြ လိုက်ပါတယ်။
(၁) သလဲသီးမှာ သံဓာတ်နဲ့ ဗီတာမင်စီဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးအားနည်းသူတေ ွအတွက် အထူး သင့်လျော်ပါတယ်။ သွေးအားနည်းတဲ့အခါ ဖြစ်ပေါ်တတ်တဲ့ မောပန်းခြင်း၊ မူးဝေခြင်းနဲ့ အားအင် ကုန်ခမ်းခြင်းတွေကို သက်သာပျောက်ကင်း စေနိုင်ပါတယ်။
(၂) ဆေးပညာရှင်တွေရဲ့ လေ့လာချက်အရ သလဲသီးဖျော်ရည် သောက်သုံးပေးခြင်းဖြင့် အယ်လ်ဇိုင်းမား ရောဂါ၊ ဦးနှောက်နဲ့ သက်ဆိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။
(၃) သလဲသီးမှာ ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးသားကို သန့်စင်ပေးနိုင်ပြီး အရေးအကြောင်းဖြစ်ခြင်းကို တားဆီးပေးနိုင်ကာ အသားအရေကို တင်းရင်းနုပျိုစေနိုင်တဲ့ အစွမ်းရှိတာကြောင့် သလဲသီးဖျော်ရည်ကို သောက်သုံးပေး သင့်ပါတယ်။
(၄) သလဲသီး တလုံးမှာ လူ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အမျှင်ဓာတ် ၁၀၀ ရာခိုင်နှုန်းမှ ၄၅ ရာခိုင်နှုန်း အထိ ပါဝင်တာကြောင့် အမျှင်ဓာတ် ကြွယ်ဝတဲ့ အသီးတမျိုးလည်း ဖြစ်ပါတယ်။ သလဲသီးဖျော်ရည် သောက်သုံးခြင်းအားဖြင့် အစာကြေစေပြီး အစာအိမ်အနာ၊ လိပ်ခေါင်းရောဂါနဲ့ ဝမ်းချုပ်ခြင်းတွေကို သက်သာပျောက်ကင်း စေနိုင်ပါတယ်။ အစာအိမ် လမ်းကြောင်းမှ အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်တာကြောင့် သဘာဝ သန်ချဆေး တမျိုးလည်း ဖြစ်ပါတယ်။
(၅) သလဲသီးဟာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ အစွမ်းရှိတာကြောင့် ခံတွင်းကျန်းမာရေးအတွက် အထူး ကောင်းမွန်ပြီး သွားပိုးစားခြင်းနဲ့ ခံတွင်းအနံ့ ဆိုးခြင်းတို့ကို သိသိသာသာ ပျောက်ကင်းစေနိုင်တာကြောင့် သလဲသီး ဖျော်ရည်ကို မကြာခဏ သောက်သုံးပေးသင့်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – နွေရာသီမှာ သောက်သုံးသင့်တဲ့ သဘာဝ အသီးဖျော်ရည် ၅ မျိုး
Ref ; naturallivingideas.com