သူများနဲ့မတူဘဲ ချွေးထွက်သန်တဲ့ အမျိုးသမီးတွေအတွက် နွေရာသီဟာ စိတ်ညစ်ဖွယ်ရာပါပဲ။ အလွယ်တကူ ချွေး ထွက်တာကြောင့် ကိုယ်နံ့ပြင်းသလို ကိုယ့်ကိုကိုယ် ယုံကြည်မှု ပျောက်ဆုံးနိုင်ပါတယ်။
ဒါကြောင့်မို့လို့ ချွေးထွက်သန်တဲ့ အမျိုးသမီးတွေအတွက် နွေရာသီ အလှမပျက်ဘဲ အထာကျကျ နေနိုင်မယ့် နည်းလမ်းတွေကို ဧရာဝတီကနေ ရေးသားဖော်ပြ လိုက်ပါတယ်။
(၁) ပေါ့ပေါ့ပါးပါး ဝတ်ပါ
နွေရာသီမှာ ခန္ဓာကိုယ်ကောက်ကြောင်း ပေါ်ချင်ဇောနဲ့ အကျပ်တွေ မဝတ်ပါနဲ့။ ပေါ့ပေါ့ပါးပါးနဲ့ ချောင်ချောင်ချိချိ ဖြစ်စေတဲ့ အဝတ်မျိုးကိုသာ ရွေးချယ်သင့်ပါတယ်။
(၂) အုံပါတဲ့ ဘရာမျိုး ရှောင်ပါ
အုံ (သို့မဟုတ်) ပင့်တင် ဘရာမျိုုးကို နွေရာသီမှာ ဝတ်ရင် ချွေးထွက်ဖို့ ပိုများပါလိမ့်မယ်။
(၃) ချည်ထည် ဝတ်ပါ
Polyester နဲ့ Rayon ထည်တွေထက် ချည်ထည်ကို ဝတ်ဆင်ပါ။ ချည်ထည်တွေက စုပ်ယူမှု ကောင်းပြီး အခြောက် မြန်စေတဲ့အတွက် ချွေးထွက်သန်တဲ့သူတွေ ဝတ်ဆင်သင့်ပါတယ်။
(၄) ပေါ့ပေါ့ပါးပါး အိတ်လွယ်ပါ
ကျောပိုးအိတ် အကြီးတွေ သားရေထည် လက်ကိုင်အိတ်တွေအစား ပိတ်လွယ်အိတ်မျိုးကိုမှ ဒီဇိုင်းလှတာမျိုး ရွေးချယ်ပါ။
(၅) လက်ကိုင်ပုဝါ ဆောင်ပါ
အထာကျကျနဲ့ လှချင်တဲ့သူအတွက် လက်ကိုင်ပုဝါ ပါးပါး ဆောင်ထားသင့်ပါတယ်။ သင့်ဆံပင် ချွေးထွက်ရင်ပဲ ဖြစ်ဖြစ် တစ်ရှူး အလွယ်တကူ ရှာလို့ မရရင်ပဲဖြစ်ဖြစ် ဖက်ရှင်ကျ ချင်ရင်ပဲဖြစ်ဖြစ် ပုဝါလေးတထည် လည်ပင်းမှာ စည်းထားလို့ ရပါတယ်။
(၆) လက်ရှည် ဝတ်ပါ
ပေါ့ပေါ့ပါးပါး ချည်ထည်ကိုမှ လက်ရှည် ရွေးဝတ်တာက သင့်အသားအရေကို နေရောင် တိုက်ရိုက် ထိတွေ့ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
(၇) အရောင်လွင်လွင် ဝတ်ပါ
အနက်ထက် အဖြူ ၊ မီးခိုး စတဲ့ အရောင်ငြိမ်ငြိမ်လေးတွေ ဝတ်ဆင်ပါ။ တောက်တောက်ပြောင်ပြောင် ဝတ်ဆင်ခြင်းမှ ရှောင်ပါ။
(၈) လက်ဝတ်ရတနာတွေ မဝတ်ပါနဲ့
ချွေးထွက်သန်သူတွေက လက်ဝတ်ရတနာ အများကြီး မဝတ်ဆင်သင့်ပါဘူး။ နားကပ်လောက်က အဆင်ပြေပေမယ့် လည်ဆွဲ၊ လက်ကောက်တို့က အသားနဲ့ တိုက်ရိုက် ထိတွေ့ပြီး ချွေးပိုထွက်စေပါလိမ့်မယ်။
ဒါကတော့ နွေရာသီမှာ ချွေးထွက်နည်းစေပြီး လွတ်လပ်ပေါ့ပါးစွာ နေနိုင်မယ့် နည်းလမ်းတွေ ဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – အမျိုးသမီးများ နွေရာသီမှာ ဖက်ရှင်ကျကျ ဝတ်နိုင်မယ့် နည်းလမ်း ၇ သွယ်
Ref ; cosmo.ph