ရာသီဥတု အပူအအေး မမျှတတဲ့ အခါ ခန္ဓာကိုယ်တွင်း အပူဓာတ်များသူတွေမှာ အပူကန်ပြီး လည်ချောင်းနာလေ့ ရှိကြပါတယ်။ လည်ချောင်းနာတဲ့အခါ လည်ချောင်းတလျှောက် ယားပြီး တံတွေး မျိုချတဲ့ အခါတိုင်း နာတတ်တဲ့အပြင် လည်ချောင်းယားပြီး ချောင်းဆိုးတတ်တာကြောင့်လည်း ခံရခက်တဲ့ ဝေဒနာ တမျိုးပဲ ဖြစ်ပါတယ်။
အအေးမိခြင်းကြောင့် လည်ချောင်းနာတတ်သလို ဗိုင်းရပ်စ် ပိုးကြောင့်လည်း လည်ချောင်းနာတတ်တာကြောင့် လည်ချောင်းနာခြင်းကို သက်သာပျောက်ကင်းစေမယ့် အိမ်တွင်းကုထုံး နည်းလမ်းကောင်း တချို့ကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ရေးသားဖော်ပြ လိုက်ပါတယ်။
(၁) အိမ်မှာ အလွယ်တကူရှိတဲ့ အိမ်သုံးဆားကို ရေခပ်နွေးနွေးနဲ့ဖျော်ပြီး ပလုတ်ကျင်းပေးခြင်းအားဖြင့် ချွဲသလိပ်တို့ကို လျော့ပါးစေပြီး လေပြွန်ရောင်ရမ်းခြင်းနဲ့ လည်ချောင်းနာခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
(၂) ရေနွေးကြမ်းကို အရမ်းပူတာမျိုး မဟုတ်ဘဲ ရေနွေးကြမ်း ခပ်နွေးနွေးကို သောက်ပေးခြင်းဟာ လည်ချောင်းနာခြင်းကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ ရေနွေးကြမ်းမှာ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေ ကြွယ်ဝပြီး ဘက်တီးရီးယားတွေကို ခုခံကာကွယ်နိုင်စွမ်း ရှိတာကြောင့် ရေနွေးကြမ်း ခပ်နွေးနွေးကို မကြာခဏ သောက်သုံးပေးသင့်ပါ တယ်။
(၃) လည်ချောင်းနာနေချိန်မှာ အပူအစပ် အစားအစာတွေနဲ့ ရေခဲရေကို အထူးရှောင်သင့်ပြီး ရေနဲ့ သစ်သီးဖျော်ရည်တွေကို များများသောက်သုံးပေးသင့်ပြီး၊ ဝမ်းချုပ်တတ်တဲ့ အစားအစာမျိုးတွေထက် ဝမ်းမှန်စေတဲ့ အသီးအနှံတွေကို ပိုမိုစားသုံး ပေးသင့်ပါတယ်။
လည်ချောင်းနာခြင်း ပြင်းထန်ဆိုးရွားလာပြီ ဆိုရင် ဆရာဝန်ထံ သွားရောက်တိုင်ပင်သင့်ပြီး ဆရာဝန် ညွှန်ကြားတဲ့ ပဋိဇီဝဆေးတွေကို ဆေးပတ်လည်အောင် သောက်သုံးသင့်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – နွေရာသီမှာ လည်ချောင်းနာခြင်း ကင်းဝေးစေရန် သိထားသင့်တဲ့ နည်းလမ်း ၈ ခု
Ref ; medicinenet.com