ဒီနေ့ခေတ် ပုံမှန် လူတယောက်ရဲ့တနေ့တာ အချိန် ၈ နာရီလောက်ဟာ ကွန်ပျုတာရှေ့မှာ ထိုင်တာ၊ ရုံးမှာ ထိုင်ပြီး အလုပ်လုပ်တာမျိုးနဲ့ ကုန်လွန်တတ်ကြပါတယ်။ အချိန်အကြာကြီး ထိုင်ပြီး အလုပ်လုပ်ခြင်းဟာ ခါးနာခြင်းနဲ့ ဇက်ကြောတက်ခြင်းတွေအပြင် နောက်ဆက်တွဲ ရောဂါတွေကိုပါ ဖြစ်ပေါ်လာစေနိုင်ပါတယ်။
သိပ္ပံပညာရှင်တွေ သုတေသန ပြုလုပ်ထားတဲ့ အရွယ် မတိုင်ခင် သေဆုံးနိုင်တဲ့ အကြောင်းရင်းတွေမှာ အထိုင်များခြင်းဟာ ထပ်တိုးပါဝင်လာပြီး “Sitting is the new smoking” လို့တောင် တင်စားပြောလာ နေကြပါပြီ။
ဒါကြောင့် ဒီလိုမျိုး အထိုင်များခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေကို ဧရာဝတီ စာဖတ် ပရိသတ်တွေ သိရှိနိုင်အောင် ရေးသားဖော်ပြ လိုက်ပါတယ်။
(၁) တနေ့မှာ ၆ နာရီထက် ပိုပြီး ထိုင်တဲ့သူတွေအနေနဲ့ ရေရှည်မှာ နှလုံးနဲ့ ပက်သက်တဲ့ ရောဂါတွေ ဖြစ်ပွားနိုင်ခြေ ၆၄ ရာခိုင်နှုန်း အထိ ဖြစ်နိုင်ပြီး အူမကြီးကင်ဆာရောဂါလည်း ဖြစ်ပွားနိုင်ခြေ များပါတယ်။ ကိုယ်ခန္ဓာ မလှုပ်ရှားဘဲ အထိုင် များခြင်း၊ ခန္ဓာကိုယ်ရဲ့ နေရာအနှံ့ကို သွေးစီးဆင်းမှု နှေးခြင်းတို့ကြောင့် ကိုယ်အလေးချိန ်တက်စေပြီး အဝလွန်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။
(၂) အချိန် အကြာကြီး ထိုင်ပြီးနေရသူတွေဟာ ထိုင်တဲ့အခါ ကိုယ်နေဟန်ထား မမှန်ကန်တာကြောင့် ခါးနာခြင်းကို အဓိက ဖြစ်စေနိုင်ပါတယ်။ ကိုယ်နေဟန်ထား မမှန်ခြင်းကြောင့် ခါးနဲ့ ပုခုံးကြွက်သားတွေကို ပျက်စီးစေနိုင်ပြီး ခါးရိုးဆစ် ကျွံတဲ့ ရောဂါမျိုးတွေ အထိပါ ဖြစ်ပေါ်လာနိုင်ပါတယ်။
(၃) ကွန်ပျူတာရှေ့မှာ အချိန်ကြာကြာ ထိုင်တဲ့အခါ ခန္ဓာကိုယ်ကို ရှေ့ကိုင်းပြီး အလုပ်လုပ်ရတာကြောင့် ဦးနှောက်ဆီကို သွေးစီးဆင်းမှုများပြီး ခေါင်းကိုက်ခြင်းကို ခံစားရစေနိုင်ကာ ရေရှည်မှာတော့ ဦးနှောက်ဖွံဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။
အထိုင် များသူတွေအနေနဲ့ အလုပ်ထိုင်လုပ်ပြီး နာရီဝက်ကြာတိုင်း ရေထသောက်တာမျိုး၊ လမ်းထလျှောက်တာမျိုး နဲ့ ကိုယ်လက်လှုပ်ရှား လုပ်ပေးမယ်ဆိုရင် မျက်စိလည်း အနားရသလို စိတ်ဖိစီးမှုလည်း သက်သာပြီး အညောင်းမိခြင်းလည်း မဖြစ်စေတော့ပါဘူး။
နာရီဝက် တခါလောက် ထိုင်နေရာကနေ ထပြီး ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးခြင်းအားဖြင့် ဦးနှောက်နဲ့ ကြွက်သားတွေရဲ့ လုပ်ဆောင်နိုင်စွမ်းကို ပုံမှန်ပြန်လည် ဖြစ်စေပါတယ်။
ဆက်စပ် သတင်းလင့်ခ် – ခါးနာ သက်သာအောင် ဘယ်လိုပြုမူ နေထိုင်ရမလဲ
Ref ; businessinsider.com