ဆံပင်ဆေးဆိုးတော့မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဒီနေ့ခေတ်မှာ အမျိုးသမီး၊ အမျိုးသားတွေရဲ့ သုံးပုံတပုံခန့်ဟာ ဆံပင်ဆိုးဆေးကို အသုံးပြုပြီး ဆံသားအရောင်ကို အလှဆင်လေ့ ရှိကြပါတယ်။ ဆံပင်ဆိုးဆေး ဆိုးတာဟာ အမြင်မှာ ကြည့်လို့လှပေမယ့် ဆံပင်ဆိုးဆေးတွေမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ ခန္ဓာကိုယ် ကျန်းမာရေးအတွက်တော့ ဆိုးကျိုးတွေ သက်ရောက်မှု ရှိနိုင်တာကြောင့် ဆံပင် ဆေးမဆိုးခင် သိထားရမယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ဆံပင်ဆိုးဆေးမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ ဆေးလိပ်ငွေ့ ဒါမှမဟုတ် လေထုထဲက ညစ်ညမ်းတဲ့ ဓာတ်ငွေ့တွေနဲ့ ထိတွေ့တဲ့အခါမှာ ထွက်လာတဲ့ ဒြပ်ပေါင်းတမျိုး ရှိပါတယ်။ အဲဒီ ဒြပ်ပေါင်းကို ထိတွေ့မိတဲ့အခါ ကင်ဆာဖြစ်စေနိုင်တယ်လို့ ဆေးပညာဆိုင်ရာ သုတေသနပညာရှင်တွေက ဆိုပါတယ်။ ဆံပင်ဆိုးဆေးကို တနှစ်မှာ ၆ ကြိမ် ထက်ပိုပြီး အသုံးပြုသူတွေဟာ ကင်ဆာဖြစ်နိုင် ခြေများတယ်လို့လည်း ဆိုပါတယ်။
(၂) ဆေးပညာဆိုင်ရာ သုတေသနပညာရှင်တွေရဲ့ လေ့လာချက်အရ ဆံပင်ဆိုးဆေးတွေမှာ ပါဝင်တဲ့ PPD ဓာတ်ဟာ ပန်းနာရင်ကြပ်ရောဂါကို ဖြစ်ပွားနိုင်ခြေများတယ်လို့ ဆိုပါတယ်။ ဆံပင်အရောင်ချွတ်ရာမှာ အသုံးပြုတဲ့ Persulfates ကြောင့် အသက်ရှုရ ခက်စေပြီး ဆံပင်ဆိုးဆေး မကြာခဏ အသုံးပြုသူတွေနဲ့ ဆံပင်ဆိုးဆေးတွေနဲ့ အထိအတွေ့များတဲ့ ဆံပင်အလှ ပြုပြင်သူတွေမှာ အရေပြား ဓာတ်မတည့်မှုနဲ့ ပန်းနာရင်ကြပ် ဝေဒနာခံစားရနိုင်ခြေ ပိုများနိုင်တယ်လို့လည်း ဆိုပါတယ်။
(၃) ဆံပင်ဆိုးဆေးမှာ ပါဝင်တဲ့ p-Phenylenediamine ဆိုတဲ့ PPD ဓာတ်ဟာ ဦးရေပြားယားယံခြင်း၊ ဗောက်ထခြင်း၊ မျက်လုံး နီမြန်းရောင်ရမ်းခြင်းနဲ့ ဦးရေပြားမှာ အနီကွက်ထခြင်း အစရှိတဲ့ ဓာတ်မတည့်ခြင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
(၄) ဆံပင် မကြာခဏ အရောင်ဆိုးသူတွေဟာ ဆံသားပျက်စီးမှု ပြဿနာကို ကြုံတွေ့ရနိုင်ပါတယ်။ ဆံပင်ဆိုးဆေးတွေမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ ဆံသားရဲ့အစိုဓာတ်ကို စုပ်ယူသွားတာကြောင့် ဆံသားတွေခြောက်သွေ့ပြီး ဆံပင် အဖျားနှစ်ခွ ဖြစ်ခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – သဘာဝအတိုင်း ဆံပင်ရှည် မြန်စေမယ့် လွယ်ကူတဲ့ နည်းလမ်း ၅ ခု
Ref ; www.beautyepic.com