Health

“အိမ်သာမှ ဧည့်လာမည်။ အိမ်သာတွေကို အထူး သန့်ရှင်းစေချင်”

Want create site? Find Free WordPress Themes and plugins.

အိမ်သာဆိုတာ အိမ်တအိမ်မှာပဲဖြစ်ဖြစ် နေရာဒေသ တခုခုမှာပဲဖြစ်ဖြစ် အရေးပါသလို၊ သန့်ရှင်းပြီး ကျန်းမာရေးနဲ့ အညီ ဆောက်လုပ်ထားဖို့လည်း လိုပါတယ်။ အရင်က ရွာတွေဘက် အလည်သွားမယ်ဆိုရင် နေရေး၊ ထိုင်ရေး မခက်ပေမယ့် အိမ်သာသွားမယ်ဆိုရင် အခက်အခဲတွေ ရှိပါတယ်။

ယင်လုံအိမ်သာ တက်ရဖို့ မနည်း ရှာယူရတဲ့အထိ ခက်ခဲတာပါ။ အခုနောက်ပိုင်း ကျန်းမာရေး အဖွဲ့အစည်းတွေက အသိပညာပေး လုပ်ငန်းတွေ များလာတာနဲ့ အမျှ ရွာတွေဘက်မှာ ယင်လုံအိမ်သာတွေ အသုံးများလာကြပါပြီ။ စာရေးသူရဲ့ အတွေ့အကြုံတခုကို ဝေမျှပေးရမယ်ဆိုရင် နည်းနည်းတော့ ကြာပါပြီ။

ခရီးတခုသွားရင်း နယ်ဘက် ရောက်တော့ အိမ်သာ ဝင်ချင်တာနဲ့ လမ်းမှာ လှမ်းတွေ့လိုက်တဲ့ မုန့်ဆိုင်ဖွင့်ထားတဲ့ အိမ်လေးကို အကူအညီ တောင်းပြီး “အိမ်သာ ဝင်ချင်လို့ပါ” လို့ ခွင့်တောင်းတော့ “အိမ်အနောက်ဘက်မှာ ရှိပါတယ်… သွားလိုက်ပါ” ဆိုတာနဲ့ ဝင်လိုက်ပြီးမှ တွန့်သွားမိတယ်။ သူတို့ အိမ်သာဆိုတာ ကြမ်းခင်းပေါက်ကို အပေါက်ဖောက် ထားတဲ့ အိမ်သာမို့ “ဝင်လိုက်ပြီးမှတော့ မထူးပါဘူးလေ” ဆိုပြီး မျက်စိမှိတ်သွားခဲ့ရတဲ့ အဖြစ်မျိုးပါ။

“အခုနောက်ပိုင်း အများပြည်သူသုံး အိမ်သာတွေ စနစ်တကျနဲ့ သန့်ရှင်းလာတယ်”လို့ ချီးမွမ်းမိရုံ ရှိသေး နောက် ၄ ၊ ၅ လ ကြာလို့ ခရီးသွားရင်း အဝေးပြေးလမ်းမပေါ်က အများပြည်သူသုံး အိမ်သာတွေ ဝင်လိုက်ရင် ရေပိုက်ခေါင်း ပျက်ချင်ပျက်၊ အိမ်သာရေ ဆွဲချလို့ မရ၊ ဂျက်ပျက်ပြီး တံခါး စေ့မရတွေ ဖြစ်နေတာတွေ ကြုံတွေ့ရပါတယ်။

ရန်ကုန်မြို့ရှိ အများပြည်သူသုံး အိမ်သာ တခုအား တွေ့ရစဉ် (ဓာတ်ပုံ – ထက်ဝေ/ ဧရာဝတီ)

အများပြည်သူသုံး အိမ်သာတွေက နေ့စဉ် လူအများဆုံး ဝင်ထွက် အသုံးပြုနေလို့ တာရှည် မခံဘူးဆိုတာ လက်ခံ နိုင်ပေမယ့် “စနစ်တကျ သုံးမယ်၊ ပစ္စည်းတွေကို ညင်ညင်သာသာ ကိုင်တွယ်မယ်”ဆိုရင် ဒီလောက် ပျက်စီး မလွယ်ပါဘူး။

မြန်မာနိုင်ငံဟာ အခုနှစ်ပိုင်းမှာ နိုင်ငံခြားသား ခရီးသည် အဝင်အထွက် ပိုများလာတာမို့ ပြည်တွင်း အလည်အပတ်သွားတဲ့ သူတွေထဲမှာ ကိုယ့်လူမျိုးပဲ မဟုတ်တော့ပါဘူး။

နိုင်ငံခြားသားတွေလည်း လည်ပတ်နေကြပါပြီ။ ဒီထဲကမှ ပိုက်ဆံချွေတာတဲ့ နိုင်ငံခြားသားတွေဆိုလည်း တနေရာကနေ တနေရာကို လေယာဉ်နဲ့ မသွားပဲ ခရီးသွားဘတ်စ်တွေနဲ့ လိုက်လာကြတာ မြင်ရပါတယ်။

ဒီလိုမျိုးဆို ကားရပ်နား စခန်းတွေမှာရှိတဲ့ အိမ်သာတွေကြောင့် ကိုယ့်လူမျိုးတွေတောင် စိတ်အနှောင့်အယှက်ဖြစ်ရရင် သူတို့ဆို တော်တော်စိတ်ညစ်ရပါလိမ့်မယ်။ ယဉ်ကျေး သိမ်မွေ့တဲ့ လူမျိုးတွေလို့တောင် တင်စားကြတဲ့ မြန်မာတွေက ဘာ မဟုတ်တဲ့ အများသုံး အိမ်သာတွေကိုတောင် စနစ်တကျ မသုံးတတ်မှန်း သိကုန်ရင် ဘယ်လို မှတ်ချက်ပြုသွားကြမလဲ။

အများပြည်သူသုံး အိမ်သာအများစုမှာ လူကြီးတွေ သက်သောင့်သက်သာ သွားနိုင်အောင် ဘိုထိုင်အိမ်သာတွေကအစ လုပ်ပေးထားတာကို ဘိုထိုင်ပေါ် ခြေထောက်နဲ့ တက်သွားတာမျိုး ရေဆွဲချတဲ့ ခလုတ်တွေကို ပျက်အောင် အတင်း နှိပ်သွားတာမျိုးတွေ တွေ့ရတတ်ပါတယ်။

စာရေးသူရဲ့ အတွေ့အကြုံအရ မနှစ်က နိုင်ငံခြား ခရီးစဉ်တခုအသွား လေဆိပ်အဆောက်အအုံ အဟောင်းဘက် လေယာဉ်ကွင်းမှာ စောင့်နေတုန်း အိမ်သာ ခဏအဝင်မှာ နိုင်ငံခြားသူတယောက် အိမ်သာကနေ စိတ်ညစ်တဲ့ ပုံစံနဲ့ ထွက်သွားတာ တွေ့လိုက်ရတော့ စိတ်ကသိကအောက် ဖြစ်သွားမိပါတယ်။

လေယာဉ်ကွင်းဆိုတာ နိုင်ငံတကာက လူပေါင်းစုံ သွားလာနေတဲ့ နေရာမို့ သူဘာဖြစ် သွားတာလဲဆိုပြီး ကိုယ်လည်း အိမ်သာ ဝင်ကြည့်မိတော့မှ ဘယ်သူတွေ ဘယ်လိုသုံးသွားလည်း မသိ တစ်ရှူးတွေက ဟိုတစ ဒီတစ ဖြစ်လို့ဖြစ်၊ ရေဆွဲ ချလို့မရနဲ့ အတော် မသတီစရာပါ။ ဒီလို နေရာမျိုးမှာ ဒီလို ဖြစ်ရပ်မျိုးက ရှက်စရာပါပဲ။

ဒီလို ရှက်စရာ ကိစ္စတွေကြောင့် တပါးသူတွေ အထင်သေး မခံရအောင် တယောက်ချင်းစီက စလို့ အားလုံး သတိပြု ဆင်ခြင်လာမယ်လို့ စာရေးသူ ဆန္ဒပြုရေးသား လိုက်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading