ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ ကျန်းမာရေးဆိုးကျိုးတွေကို အများစုက သိပြီး ရှောင်ကြဉ်လေ့ ရှိကြပေမယ့် နေ့စဉ် စားသောက်နေထိုင်မှု၊ အမူအကျင့်အချို့ကတော့ ဆေးလိပ်သောက်ခြင်းထက် ကျန်းမာရေးကို ပိုမို ထိခိုက်စေနိုင်တယ် ဆိုတာ သတိမထားမိကြပါဘူး။
ဆေးပညာဆိုင်ရာ သုတေသီတွေရဲ့ လေ့လာတွေ့ရှိချက်တွေမှာ ဖော်ပြထားတဲ့ ဆေးလိပ်သောက်ခြင်းထက် ကျန်းမာရေးကို ပိုမိုထိခိုက်စေနိုင်တဲ့ အမူအကျင့်တွေကို ဧရာဝတီ စာဖတ်ပရိသတ်တွေ သိနိုင်အောင် ရေးသားဖော်ပြ လိုက်ပါတယ်။
(၁) ကာဗွန် ထည့်သွင်းထားတဲ့ ဆိုဒါရည် သောက်သုံးခြင်းဟာ သွားတွေရဲ့ အပေါ်ယံ ကြွေလွှာကို ထိခိုက်ပျက်စီး စေနိုင်တဲ့အပြင် ခံတွင်းကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ တနေ့ကို ဆိုဒါတဘူး ပုံမှန်သောက်သုံးမယ်ဆိုရင် ၃ နှစ်ကနေ ၅ နှစ်အတွင်း ဆီးချိုရောဂါ၊ အဝလွန်ရောဂါနဲ့ နှလုံးနဲ့ ဆက်စပ်တဲ့ ရောဂါများ ခံစားရနိုင်ခြေများတယ်လို့ ဆေးသုတေသန ပညာရှင်တွေက သုံးသပ်ပြောဆိုထားပါတယ်။
(၂) တညကို ၇ နာရီအောက် နည်းပြီး အိပ်လေ့ရှိသူတွေဟာ သာမန်ထက် လေဖြတ်နိုင်ခြေ ၄ ဆပိုများပြီး Heart Attack ဖြစ်နိုင်ခြေ ၂ ဆပိုများတယ်လို့ WHO (World Health Organization) ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက ထုတ်ပြန်ထား ပါတယ်။ အအိပ်အနေနည်းခြင်းဟာ ဆေးလိပ်သောက်ခြင်းထက် ကျန်းမာရေးကို ပိုမိုထိခိုက်စေနိုင်တာကြောင့် တညတာ အိပ်စက်တဲ့အချိန်ကို အထူးအလေးထား သင့်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
(၃) Archieves Of Internal Medicine ရဲ့ ထုတ်ပြန်ချက် စစ်တမ်းအရ အချိန်အကြာကြီး ထိုင်ခြင်း (အထိုင်များခြင်း) ဟာ ဆီးချို ၊ နှလုံးရောဂါနဲ့ အဝလွန်ရောဂါတွေ ဖြစ်ပေါ်နိုင်တာကြောင့် မိနစ် ၃၀ ကြာတိုင်း ထပြီး ကိုယ်လက်လှုပ်ရှား ပြုလုပ် သင့်ပါတယ်။
(၄) တနေ့ကို ကော်ဖီ ၄ ခွက်ထက် ပိုမိုသောက်သုံးသူတွေဟာ အရွယ် မတိုင်ခင် သေဆုံးနိုင်ခြေ ၅၆ ရာခိုင်နှုန်းခန့် ရှိတာကြောင့် ဆေးလိပ်သောက်ခြင်းထက် ပိုမိုဆိုးရွားနေပါတယ်။
(၅) အစားအသောက်ကို အချိုးကျကျ စားသုံးတာဟာ ခန္ဓာကိုယ် ကျန်းမာရေးအတွက် ကောင်းမွန်စေပေမယ့် အချို့သော အစားလျှော့ခြင်း နည်းလမ်းတွေကတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ဆုံးရှုံးစေနိုင်တာကြောင့် ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်တွေကို နှေးကွေးစေပြီး သွေးအားနည်းရောဂါ၊ ဆီးချိုရောဂါနဲ့ အခြားသော ကျန်းမာရေး ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် ရှောင်ရှားဆင်ခြင် သင့်ပါတယ်။
Ref: steptohealth.com