ခန္ဓာကိုယ် ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အသုံးဝင်တဲ့ ပန်းသီးရှာလကာရည်ဟာ အခုနောက်ပိုင်းမှာ အမျိုးသမီးတွေကြားထဲ ခေတ်စားလာတာနဲ့အညီ ဝယ်ရလည်း ခက်သလို ဈေးနှုန်းကလည်း အနည်းငယ်မြင့်တာကြောင့် အလွယ်တကူနဲ့ ကိုယ်တိုင်ပြုလုပ်လို့ရတဲ့ နည်းလမ်းကို ဖော်ပြပေးလိုက်ပါတယ်။
ပန်းသီးရှာလကာရည် ပြုလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့ ပန်းသီး ၃ လုံး၊ သကြားအညို လက်ဖက်ရည် ဇွန်း ၃ ဇွန်းနဲ့ ကျိုချက်ထားတဲ့ ရေကျက်အေးတို့ပဲ ဖြစ်ပါတယ်။
ပြုလုပ်နည်းကတော့ ပန်းသီးကို ရေဆေးပြီး (Organic ဆိုရင်ရေကြာကြာဆေးဖို့ မလိုအပ်ပေမယ့် Organic မဟုတ်ဘူး ဆိုရင်တော့ ရေခပ်ကြာကြာဆေးဖို့ လိုပါတယ်) အနေတော် အတုံးလေးတွေတုံး ပေးပါ။ သေချာ ဆေးကြောထားတဲ့ အဝကျယ် ဖန်ပုလင်းကြီးကြီး တခုထဲမှာ သကြားကို ရေကျက်အေးနဲ့ ရောထားတဲ့ အရောကို လှီးထားတဲ့ ပန်းသီး အတုံးလေးတွေပေါ်ကို လောင်းချပေးပါ။
ပန်းသီးတွေများနေလို့ ရေလိုနေတယ်ဆိုရင်လည်း ပန်းသီးတွေမြုပ်အောင် ရေအနည်းငယ် လောင်းထည့်ပေးလို့ရပါတယ်။ ပြီးရင်တော့ ဖန်ပုလင်းရဲ့အဝကို လက်သုတ်ပုဝါ သန့်သန့်နဲ့ အုပ်ပြီး သားရေပင်နဲ့ စီးထားပေးပါ။ ဖန်ပုလင်းထဲကအရည်ကို လေရစေဖို့နဲ့ မကောင်းတဲ့အနံ့အသက်တွေ ထွက်သွားနိုင်အောင် ဒီလိုမျိုးဖုံးအုပ်ထားတာပဲ ဖြစ်ပါတယ်။ အဲဒီပုလင်းကို အေးပြီး ခြောက်သွေ့တဲ့ အလင်းရောင်နဲ့ တိုက်ရိုက်မထိတွေ့နိုင်တဲ့ နေရာမှာ ၃ပတ်ခန့် ထားပေးပါ။
၃ပတ် ပြည့်သွားပြီဆိုရင်တော့ ပုလင်းထဲက အရည်တွေကို ငှဲ့ထုတ်ပြီး ပန်းသီးဖတ်တွေကို လွှင့်ပစ်လိုက်ပါ။ အရည်ကို တခြားဖန်ပုလင်း အလွတ်တခုထဲထည့်ပြီး နောက်ထပ် ၄ပတ်ခန့် ကြာအောင် မူလထားတဲ့ နေရာမှာပဲ ပြန်ထားပေးပါ။ ၄ ပတ်ခန့် ကြာပြီဆိုရင်တော့ ကိုယ်တိုင် ပြုလုပ်ထားတဲ့ ကျန်းမာရေးအတွက် သင့်တော်တဲ့ ပန်းသီးရှာလကာရည်ကို ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။
Ref. http://www.naturallivingideas.com