Health

အားဆေးကို မနက် သောက်သင့်သလား၊ ည သောက်သင့်သလား

အားဆေးကို မနက် သောက်သင့်လား၊ ညမှ သောက်သင့်ပါသလား။ များသောအားဖြင့် အားဆေးဆို မနက်စာ စားပြီး သတိတရ သောက်တဲ့သူတွေ ရှိသလို တချို့ကျတော့လည်း ညအိပ်ရာ မဝင်ခင် အိပ်လို့ကောင်းအောင် သောက်သူ တွေလည်း ရှိပါတယ်။

၄၀ ရာခိုင်နှုန်းသော အမေရိကန် လူမျိုးတွေဟာ အားဆေးကို ဘယ်အချိန်မှာ သောက်ရမယ် သတိ မထားမိဘဲ သောက်သုံးနေတာကြောင့် ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ် အပြည့်အဝ မရနိုင် ဖြစ်နေကြပါတယ်။ ဆေးဝါး ကျွမ်းကျင်သူတွေကတော့ သောက်မယ့် အားဆေး အမျိုးအစားပေါ် မူတည်ပြီး မနက်၊ ည ခွဲခြားနိုင်သလို အစာနဲ့ တွဲပြီး သောက်ရတဲ့ Multivitamin လို အာဆေးတွေလည်း ရှိပါသတဲ့။

Multivitamin အားဆေးက နေ့စဉ် လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေ တပေါင်းထဲ စုထည့်ပေးထားတဲ့ အားဆေးမို့ မနက်ဘက် အစာနဲ့ တွဲသောက်ပေးရင် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်တွေ အလွယ်တကူ စုပ်ယူနိုင်ပြီး တနေ့တာ လိုအပ်တဲ့ စွမ်းအင်တွေကို ပေးစွမ်းနိုင်ပါတယ်။ ၂၀၀၇ ခုနှစ်က လေ့လာတွေ့ရှိချက်အရ Multivitamin ကို ညဘက် သောက်မိရင် ကောင်းကောင်း အိပ်မပျော်ဘဲ အနှောင့်အယှက် ဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ချိန်မှာတော့ မနက်ဘက် ကိုယ်လက် မအီမသာ ဖြစ်ကြလို့ Multivitamin ကို ညဘက် ပြောင်းသောက် သင့်ပါတယ်။ ညဘက် သောက်တဲ့အခါ အိပ်ရေး မဝမဖြစ်အောင် အစာနည်းနည်းနဲ့ တွဲစားပြီးမှ သောက်ပါ။ မဟုတ်လည်း မနက်ဘက် တခြမ်း၊ ညဘက် တခြမ်း သောက်လည်း ရပါတယ်။

ရေထဲမှာ အလွယ်တကူပျော်ဝင်နိုင်တဲ့ ဗီတာမင်ဘီ နဲ့ ဗီတာမင်စီ အားဆေးတွေကတော့ အစာနဲ့ တွဲသောက်စရာ မလို သလို၊ ညဘက်ပဲ သောက်သောက်၊ မနက်ဘက်ပဲ သောက်သောက် အကျိုးအာနိသင် တူတူပါပဲ။ အားဆေးထဲမှာ အဓိကပါတဲ့ ဓာတ်တွေက အစားအစာတွေနဲ့ တွေ့တဲ့အခါ ပေါင်းစပ် ဓာတ်ပြုသွားကြလို့ ဥပမာ- မတည့်တဲ့ သံဓာတ်နဲ့ ကယ်လ်စီယမ် ဓာတ်ဆို တူတူတွဲ မသောက်သင့်ပါဘူး။

အမျှင်ဓာတ်များတဲ့ အစားအစာတွေ ဒါမှမဟုတ် ကော်ဖီ၊ လက်ဖက်ရည်တို့နဲ့ သံဓာတ်အားဆေး (သို့မဟုတ်) Multivitamin အားဆေးကို အတူတူ တွဲမသောက်သင့်ဘူးလို့လည်း ဆိုပါတယ်။ တကယ်လို့ နေ့စဉ် သောက်ရမယ့် အားဆေးတွေကို ဘယ်အချိန်မှာ သောက်ရမယ်။ အစာနဲ့လား၊ အစာနဲ့ ဝေးရမလား ဝေခွဲမရ ဖြစ်နေရင် ဆရာဝန်တွေနဲ့ သေချာတိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။

Ref: Livestrong

Loading