နေ့စဉ် အသုံးပြုနေတဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ အိမ်သုံးပစ္စည်းအချို့ဟာ အမြဲထိတွေ့ အသုံးပြုနေတာ ဖြစ်တဲ့အတွက် သန့်ရှင်းရေး ပြုလုပ်ဖို့လည်း မမေ့လျော့သင့်ပါဘူး။ မျက်စိနဲ့ ကြည့်လို့ မမြင်နိုင်တဲ့ ဘက်တီးရီးယားတွေဟာ အသုံးအဆောင် ပစ္စည်းတွေပေါ်မှာ ခိုဝင်ကပ်ငြိ နေရာကတဆင့် မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်နိုင်ပါတယ်။
ဒါကြောင့်မို့လို့ နေ့စဉ် မဖြစ်မနေ သန့်ရှင်းရေး ပြုလုပ်သင့်တဲ့ အသုံးအဆောင် ပစ္စည်းတွေကို ဧရာဝတီ စာဖတ် ပရိတတ်သတ် တွေအတွက် ရေးသား ဖော်ပြ လိုက်ပါတယ်။
(၁) ရေဘူး
လူအများနဲ့ ရောသောက်ရင် ရောဂါပိုး ကူးမှာစိုးတာကြောင့် ကိုယ်ပိုင်ရေဘူး အသုံးပြုသူတွေအနေနဲ့ ကိုယ်ပိုင်ရေဘူးကို နေ့စဉ်ဆေးကြောဖို့ လိုအပ်ပါတယ်။ ရေဘူးကို နေရာတကာ ယူသွားခြင်း၊ လက်က ချွေးစိုနေချိန်မျိုးတွေမှာပါ ကိုင်သောက်ခြင်း စတာကြောင့် ရေဘူးတွေမှာ ဘက်တီးရီးယားတွေဟာ ကပ်ငြိနေနိုင်ပါတယ်။
မဆေးကြောဘဲ မကြာခဏ အသုံးပြုနေမယ်ဆိုရင်တော့ အရေပြားရောဂါနဲ့ အဆုတ်ရောင် အအေးမိ ရောဂါတွေအထိပါ ဖြစ်ပေါ်နိုင်တာကြောင့် မကြာခဏ ဆေးကြောသင့်ပါတယ်။
(၂) လက်ကိုင်ဖုန်း
နေ့စဉ်ကိုင်တွယ် အသုံးပြုနေတဲ့ အသုံးအဆောင်ပစ္စည်းတွေထဲမှာ အများဆုံး အသုံးပြုတယ် လို ပြောလို့ ရတဲ့ လက်ကိုင် ဖုန်းတွေဟာ အစာစားနေချိန်မျိုးမှာ ဖြစ်ဖြစ်၊ အိမ်သာသွားတဲ့အခါ ယူသွားတာမျိုး ကြောင့်ပဲဖြစ်ဖြစ် ဗိုင်းရပ်စ်ပိုးတွေဟာ ကပ်တွယ်နေနိုင်ပါတယ်။ ဖုန်းမျက်နှာပြင်ပေါ်မှာ ကပ်တွယ်နေတဲ့ ဗိုင်းရပ်စ်ပိုးတွေဟာ ၂၄ နာရီကြာ ရှင်သန်နိုင်တာကြောင့် အရက်ပြန် အနည်းငယ် ဆွတ်ထားတဲ့ အဝတ်စ ဒါမှမဟုတ် ရှာလကာရည် အနည်းငယ် ဆွတ်ထားတဲ့ အဝတ်စတို့ကို အသုံးပြုပြီး ပုံမှန်သန့်ရှင်းရေး ပြုလုပ်သင့်ပါတယ်။
(၃) မိတ်ကပ် ဘရပ်ရှ်
မိတ်ကပ်လိမ်းတဲ့အခါ အသုံးပြုတဲ့ မိတ်ကပ် ဘရပ်ရှ်တွေကို သန့်ရှင်းရေး ပြုလုပ်ပေးဖို့ဟာ အရေးကြီးလှပါတယ်။ အများနဲ့ မျှသုံးတာမျိုး မဟုတ်ဘဲ တယောက်တည်း သုံးတာဆိုရင်တောင် ဖုန်နဲ့ မျက်နှာပြင်ပေါ်က အညစ်အကြေးတွေ ကတဆင့် ဘက်တီးရီးယားတွေ ပေါက်ဖွားနိုင်တာကြောင့် မျက်နှာ အသားအရေ ယားယံတာနဲ့ ဝက်ခြံ ပေါက်တာမျိုးတွေ ဖြစ်ပေါ် နိုင်ပါတယ်။ ဒါကြောင့်မို့လို့ မိတ်ကပ် ဘရပ်ရှ်တွေကို ဆပ်ပြာအပျော့စားနဲ့ ရေနွေး အနည်းငယ်သုံးပြီး သန့်ရှင်းရေး ပြုလုပ်သင့်ပါတယ်။
Ref : steptohealth.com