ဒီနေ့ခေတ်မှာ လေ့ကျင့်ခန်း ပြုလုပ်ခြင်းကို လူကြီး၊ လူငယ် မရွေး စိတ်ဝင်စားလာကြပြီး အများစုဟာလည်း လေ့ကျင့်ခန်း ပြုလုပ်ဖို့ စိတ်အားထက်သန် လာကြပါတယ်။
လေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာ ခန္ဓာကိုယ် ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးအတွက်ပါ ကောင်းမွန်စေတာကြောင့် ပုံမှန်ပြုလုပ်သင့်တယ် ဆိုပေမယ့် လေ့ကျင့်ခန်း မပြုလုပ်သင့်တဲ့ အချိန်မှာ ပြုလုပ်မယ်ဆိုရင်တော့ ခန္ဓာကိုယ်အတွက် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဖြစ်ပေါ် စေနိုင်ပါတယ်။
ဒါကြောင့်မို့လို့ လေ့ကျင့်ခန်း မပြုလုပ်သင့်တဲ့ အချိန် ၃ ချိန်ကို ဧရာဝတီ စာဖတ်ပရိသတ်တွေ အတွက် ဗဟုသုတ အနေနဲ့ သိရှိအောင် ရေးသားဖော်ပြ လိုက်ပါတယ်။
(၁) ညဘက် နှစ်ခြိုက်စွာ အိပ်မပျော်လို့ အိပ်ရေး မဝတဲ့ မနက်ခင်းလို အချိန်မျိုးတွေမှာ လေ့ကျင့်ခန်း မပြုလုပ်သင့်ပါဘူး။ ကောင်းမွန်စွာ အိပ်စက် အနားယူထားခြင်း မရှိတာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ်တွေဟာ ပုံမှန် မဖြစ်သေးတဲ့ အချိန်မျိုးမှာ လေ့ကျင့်ခန်း ပြုလုပ်မယ်ဆိုရင်တော့ ကြွက်သားတွေကို သာမန်ထက် ပိုမို နာကျင်ကိုက်ခဲ စေနိုင်ပြီး တနေ့တာလုံး ထိုင်းမှိုင်းနေစေမှာပဲ ဖြစ်ပါတယ်။
(၂) ခန္ဓာကိုယ် ကြွက်သားတွေ နာကျင်ကိုက်ခဲ နေချိန်မျိုးနဲ့ အကွေးအဆန့် နေရာမျိုးတွေ ရောင်ရမ်း ကိုက်ခဲနေတဲ့ အချိန်မျိုးတွေမှာ လေ့ကျင့်ခန်းကို မဖြစ်မနေ ပြုလုပ်ရမယ့် အလုပ်တခုလိုမျိုး မလုပ်သင့်ပါဘူး။ ဒီလိုမျိုး ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ရောင်ရမ်း နာကျင်နေချိန်မျိုးမှာ လေ့ကျင့်ခန်း ပြုလုပ်မယ် ဆိုရင် သာမန်နာကျင် ရောင်ရမ်းမှုတွေကနေ နာတာရှည် ရောင်ရမ်း ကိုက်ခဲမှုတွေအထိ ဖြစ်ပေါ်သွားစေနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။
(၃) Alcohol ပါဝင်တဲ့ အရက်၊ ဘီယာ ၊ ဝိုင် အစရှိတဲ့ အရည်တွေ သောက်သုံးပြီးတဲ့ အချိန်မျိုးတွေမှာ လေ့ကျင့်ခန်း ပြုလုပ်ခြင်းကို အထူး ရှောင်ကြဉ်သင့်ပါတယ်။ Alcohol ပါဝင်တဲ့ အရည်တွေဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို အနှောင့်အယှက်ဖြစ်စေပြီး ရေဓာတ်ကို ဆုံးရှုံးစေနိုင်တာကြောင့် လေ့ကျင့်ခန်း ပြုလုပ်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
Ref : steptohealth.com