သင်္ကြန်မှာ ကဲဖို့ အဆင်သင့် ဖြစ်နေကြပြီလား။ သင်္ကြန်မှာ ဘယ်လို အလန်းစား ဒီဇိုင်းတွေ ဝတ်မယ်၊ ဘယ်လို ပြင်ဆင်မလဲ ကြိုစဉ်းစားရင်း ရင်ခုန်နေကြတယ် ဆိုပေမယ့် တနေကုန် နေပူဒဏ်၊ ရေတွေကြောင့် မျက်နှာ အသားအရေ ပျက်စီးသွားနိုင်တာကိုလည်း ထည့်စဉ်းစားဖို့လိုပါတယ်။
တခြားအချိန်တွေမှာ နေလောင်ဒဏ်ကို ဂရုတစိုက် ကာကွယ်တတ်ကြပေမယ့် သင်္ကြန်ချိန်မှာ အပျော်လွန်ပြီး ဂရုစိုက်ဖို့ မေ့သွားတာမျိုးတွေ ရှိတတ်ပါတယ်။ နေရောင်ခြည်မှာပါတဲ့ UVA နဲ့ UVB က မျက်နှာပြင်အတွင်းပိုင်းအထိ ထိုးဖောက် ဝင်ရောက် ဖျက်ဆီးလိုက်တာမို့ အရေပြားဆဲလ်တွေ ထိခိုက်မိပြီး အိုမင်းရင့်ရော်မှုကို ဖြစ်စေပါတယ်။ ဒါ့အပြင် တင်းတိပ်၊ မှဲ့ခြောက်နဲ့ အမည်းစက်တွေကို ဖြစ်ပေါ်လာပြီး ပိုဆိုးရင်တော့ အရေပြားကင်ဆာထိပါ ဖြစ်သွားနိုင်ပါတယ်။
အပြင်ထွက်မယ်ဆိုရင် နေလောင်ဒဏ်ကိုကာကွယ်ပေးမယ့် SPF 30 ကျော်တဲ့ Sunscreen ကို မဖြစ်မနေ လိမ်းပေးပါ။ အိမ်က မထွက်ခင် တစ်ခါတည်းလိမ်းထားရုံနဲ့ မလုံလောက်ပါဘူး။ အနည်းဆုံး ၂ နာရီခြားတစ်ခါ လိမ်းပေးရပါတယ်။ သင်္ကြန် ရေစိုတဲ့အခါ ခရင်မ်တွေက အဆင်မပြေလို့ အလွယ်တကူ ဖြန်းလို့ရတဲ့ sunscreen spray ဘူး ဆောင်ထား လိုက်ပါ။ မျက်နှာတခုတည်းအတွက် မဟုတ်ပါဘူး နှုတ်ခမ်းဆိုးတဲ့ Lip balm ကိုလည်း SPF ပါတာသုံးသင့်ပါတယ်။
မနက် ၁၀ နာရီကနေ ညနေ ၄ နာရီထိ နေရောင်ဟာ အသားရေကို အထိခိုက်ဆုံးမို့ အထူးဂရုစိုက် ကာကွယ် ထားသင့် ပါတယ်။ sunscreen တွေက နေလောင်ဒဏ်ကို ကာကွယ်ပေးနိုင်တယ်ဆိုပေမယ့် နေ့စဉ်ရက်ဆက် နေလောင်ခံရပါ များလာရင် ဖြစ်လာနိုင်တဲ့ အရေပြားကင်ဆာကိုတော့ ကာကွယ်မပေးနိုင်ပါဘူး။
ဒါကြောင့် sunscreen လိမ်းထားတာပဲ ဆိုပြီး ဒီအတိုင်း မကဲလိုက်ပါနဲ့ဦး။ နောက်တစ်ဆင့်ကာကွယ်ထားနိုင်မယ့် နေကာ မျက်မှန်၊ ဦးထုပ်၊ အကျႌလက်ရှည်တွေပါဝတ်မှ စိတ်ချရမှာပါ။ တကယ်ကောင်းတဲ့ နေကာမျက်မှန်က နေရောင်ခြည်ဒဏ်ကို ၉၉ ရာခိုင်နှုန်းထိ ကာကွယ်ပေးနိုင်တာမို့ မဖြစ်မနေ တပ်ဖို့လိုအပ်ပါတယ်။
အကျႌလက်ရှည်ဆိုရင်လည်း တနေကုန် ဝတ်ထားရမှာမို့ လေဝင်လေထွက် ကောင်းပြီး အေးမယ့် ချည်သားပါးပါးလေး ထပ်ဝတ်ထားတာ ပိုအဆင်ပြေပါတယ်။ ဒီလို ကာကွယ်ထားတဲ့ ကြားက အရေပြားပါးနီရဲပြီး ယားယံလာတာ၊ အမည်းကွက်တွေ ဖြစ်လာတယ်ဆိုရင် ကျွမ်းကျင်တဲ့ အရေပြားအထူးကုနဲ့ အမြန်ဆုံးသွားပြဖို့ တိုက်တွန်းချင်ပါတယ်။
Ref: Cancer.Net