တဖြည်းဖြည်းနဲ့ နေ့အပူချိန်တွေ မြင့်လာပါပြီ။ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း နေရောင်ခြည်က အမြင့်ဆုံးမို့ အပြင်ထွက်မယ်ဆိုရင် နေလောင်ခံ ခရင်မ်လေးလိမ်း၊ နေကာမျက်မှန်၊ ဦးထုပ်နဲ့ အကျႌလက်ရှည် ဝတ်ဆင်သင့်ပါတယ်။
ပျိုမေတို့ရဲ့ မျက်နှာမှာ နေလောင်ဒဏ်ခံလိုက်ရပြီဆိုရင် အမည်းစက်တွေ၊ တင်းတိပ်၊ ဝက်ခြံတွေ ထွက်လာနိုင်ပါတယ်။ အခုလို ဧပြီလအတွင်း သင်္ကြန်မှာ ကဲကြမယ့်သူတွေ နေလောင်ဒဏ် မခံရအောင် ကြိုတင်ကာကွယ် ထားသင့်သလို သင်္ကြန်မှာ အကဲလွန်လို့ နေလောင်ခံလိုက်ရရင် သဘာဝအတိုင်း ပြန်လည်ကုစားနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေး ချင်ပါတယ်။
နေလောင်ခံရတဲ့ အသားအရေကို အမြန်ဆုံးနဲ့ အထိရောက်ဆုံး ပြန်လည် ကုစားပေးမယ့်အရာက ရှာစောင်းလက်ပတ်နဲ့ လက်ဖက်စိမ်းပါ။ နေလောင်ခံရတဲ့အသားရည်ပေါ်ကို ရှာစောင်းလက်ပတ်အထဲက အသားနဲ့ ပွတ်ပေးပါ။ အသားရေ အေးစေသလို နေလောင်ခံထားရလို့ မည်းသွားတဲ့ အသားရေတွေ အမြန်ဆုံးကြည်လင် လာစေပါတယ်။
လက်ဖက်စိမ်းကတော့ နေလောင်ဒဏ်ကုသရာမှာ နံပါတ်ဝမ်း အဆင့်ပါ။ လက်ဖက်စိမ်းရည်ထဲကို အဖြူရောင် အဝတ်စ နှစ်ပြီး နေလောင်ခံထားရတဲ့ အသားရေပေါ်မှာ စိမ့်အောင်လိမ်းပေးပါ။ အမြန်ဆုံးပြန် သက်သာစေပါတယ်။
မျက်ဝန်းအောက်က အရေပြားတွေက နူးညံ့လို့ အထူးကာကွယ်သင့်တဲ့နေရာပါ။ တကယ်လို့ နေလောင်ခံရပြီး ညိုမည်း သွားတယ်ဆိုရင် Rose Water က အကောင်းဆုံးပါပဲ။ အလှကုန်ဆိုင်တွေမှာ အလွယ်တကူဝယ်နိုင်တဲ့ Rose Water အရည်ထဲ Cotton balls (ဝါဂွမ်းလုံး) စိမ်ပြီး မျက်လုံးအောက် တဝိုက် တို့တို့ပြီး လိမ်းပေးပါ။ သက်သာ သွားပါလိမ့်မယ်။
နေရောင်ထဲထွက်ပါများရင် Sun spots လို့ခေါ်တဲ့ အမည်းစက်လေးတွေ မျက်နှာပေါ်ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်လာရင် သံလွင်ဆီ (သို့မဟုတ်) ပန်းသီးရှာလကာရည်သုံးပြီး ပြန်လည်ကုစားနိုင်ပါတယ်။ အမည်းစက်ရှိတဲ့ နေရာတဝိုက်ကို သံလွင်ဆီ တနေ့တကြိမ် လိမ်းပေးရုံနဲ့ သက်သာပျောက်ကင်းစေသလို ပန်းသီရှာလကာရည် သုံးမယ်ဆိုရင် ဝါဂွမ်းလုံးကို အရည်ထဲနစ်ပြီး အမည်းစက်ဖြစ်နေတဲ့ မျက်နှာပေါ် မအိပ်ခင် လိမ်းပေးရုံနဲ့ ပြန်လည်ဖြူဝင်းစေပါတယ်။
တချို့ကျတော့လည်း နေရောင်ဒဏ်ကြောင့် မျက်နှာနီရဲပြီး အကွက်လိုက်ကြီး ဖြစ်သွားတတ်ပါတယ်။ ဒီလို နီရဲနေတဲ့ အသားရေကို အရောင်ပြန်ညှိဖို့ သခွားသီးက အကောင်းဆုံးပါပဲ။ သခွားသီးက ရေဓာတ်များလို့ အသားရေ ခြောက်သွေ့ သူတွေအတွက်လည်း အထူးသင့်တော်ပါတယ်။
သခွားသီးကို မျက်နှာပေါ် ကပ်လို့ရမယ့် အရွယ်တော် အဝိုင်းလေးတွေ ပိုင်းပြီး မျက်နှာပေါ် တနာရီလောက် တင်ထားပါ။ ပြီးရင် ရေအေးအေးနဲ့ သန့်စင်သွားအောင် ဆေးပေးရပါမယ်။ ဒါဆိုရင် သခွားသီး အစွမ်းကြောင့် မျက်နှာလေး စိုပြေလှပပြီး ပြန်လည် ဖြူဝင်းလာပါလိမ့်မယ်။
ဆက်စပ် သတင်းလင့်ခ် – သင်္ကြန်မှာ အသားအရေ မပျက်စီးအောင် ဘယ်လိုကာကွယ်ကြမလဲ
Ref: Starts at 60