အလှအပကို ဂရုစိုက်တဲ့ အမျိုးသမီးတွေကြားမှာ နောက်ပိုင်း လူသိများလာတာက Scrub (ကြေး (ဂျီး) ချွတ်ခြင်း) ပါ။ မျက်နှာတင် မကဘူး၊ ခန္ဓာကိုယ် အသားအရေ လှပဖို့အတွက် Scrub ကို တပတ် ၂ ကြိမ်လောက် လုပ်ကြည့် သင့်ပါတယ်။
သကြား Scrub က ဆဲလ်အသေတွေ ပျောက်ကင်းစေပြီး အစိုဓာတ် ပြည့်ဝစေတာကြောင့် သင့် အသားအရေက ကြည်လင် လှပနေမှာပါ။ အကုန်အကျ မများဘဲ လွယ်ကူရိုးရှင်းတာမို့ လိုက်လုပ်ကြည့်ဖို့ လွယ်ပါတယ်။
ပြုလုပ်နည်း
– သကြားအဖြူ (သို့မဟုတ်) အညို လက်ဖက်ရည်ခွက် တဝက်
– ဆီ (သံလွင်ဆီ သို့မဟုတ် အုန်းဆီ) လက်ဖက်ရည်ခွက် တဝက်
ဒီပစ္စည်းနှစ်မျိုးကို ရောမွှေပြီး ရေမချိုးခင် ခန္ဓာကိုယ် အနှံ့ လိမ်းပါ။ ပြီးရင်တော့ ရေချိုးနိုင်ပါပြီ။ Scrub လုပ်ပြီးတာနဲ့ မမေ့မလျော့ လုပ်ရမှာက Lotion လိမ်းဖို့ပါပဲ။ ဒါမှ လှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။
သကြားဟာ Glycolic acid ရဲ့အရင်းအမြစ် ဖြစ်တာကြောင့် အသားအရေထဲ စိမ့်ဝင်ပြီး ခန္ဓာကိုယ်ကို ငယ်ရွယ် နုပျိုစေကာ သင့်ကို လန်းဆန်း တက်ကြွစေမှာပါ။ Glycolic acid ကို နေရောင်ခြည်ကြောင့် ပျက်စီးတဲ့ အသားအရေနဲ့ အရေးကြောင်းရှိတဲ့ အရေပြားအတွက်လည်း အသုံးပြုပါတယ်။ သကြား Scrub လုပ်တဲ့အခါ မျက်နှာအတွက် အသုံးပြုဖို့ ဆိုရင် သကြားညိုကို ရွေးချယ်ပါ။
ကဲ ဒါကတော့ အလွယ်ကူဆုံးနဲ့ ငွေကုန်ကြေးကျနည်းပြီး အသားအရေ လှပစေမယ့်နည်း ဖြစ်တာကြောင့် ပိတ်ရက်မှာ သေချာ အချိန်ပေးပြီး လုပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။