သကြားကို ကော်ဖီတွေ၊ လက်ဘက်ရည်နဲ့ အချိုရည်တွေမှာ အများဆုံး ထည့်သွင်း စားသုံးပါတယ်။ ဒါပေမယ့် သကြားက လျှာမှာ အချိုအရသာ ရနေ၊ ပေးနေပေမယ့် ကျန်းမာရေး ရှုထောင့်က ကြည့်မယ် ဆိုရင် ဒီလို သကြားစားများမှုက လူတွေကို အသက် တိုစေနေတယ် လို့ သိရပါတယ်။
စမ်းသပ်ခန်းတွင်း လေ့လာချက်တွေ မဟုတ်ပဲ အမှန်တကယ် ကွင်းဆင်းလေ့လာမှု လုပ်ထားတယ်၊ ဒီလေ့လာချက်ကို အသက် ၄၅ နှစ်နဲ့ အထက် လူဦးရေ ၁၇၀၀၀ ကျော်ကို လေ့လာထားချက်လို့ ဆိုပါတယ်။ အခု လေ့လာချက် ရလဒ်ကို ထုတ်ပြန်ဖို့ လေ့လာသူတွေဟာ အချိန် ၆ နှစ်လောက်ပေးပြီး စောင့်ကြည့်မှုတွေ လုပ်ခဲ့တယ်၊ သကြားစား များသူတွေမှာ ပုံမှန်ထက် အသက်တိုတယ် ဆိုတာ သေချာမှ ထုတ်ပြန်တာလို့လည်း ဆိုပါတယ်။
ထုတ်ပြန်ချက်ရဲ့ သဘောတရားကတော့ ရိုးရိုးလေးပါ။ သကြားများများစားလေလေ အသက်တိုစေလေလေပဲ ဖြစ်ပါသတဲ့။
အရွယ်ရောက်ပြီးသူတွေ အနေနဲ့ တရက်ကို သကြား ၂၄ အောင်စ စားရုံနဲ့ သူတို့ရဲ့ အရွယ်မတိုင်ခင် သေဆုံးမှုနှုန်းက ပုံမှန်ထက် ၂ ဆ ပိုလာစေတယ် လို့ ဆိုပါတယ်။ အထူးသဖြင့်တော့ နှလုံးနဲ့ ပတ်သတ်တဲ့ ရောဂါတွေ ခံစားရပြီး ပုံမှန်ထက် အသက်တိုစေနိုင်တာ ဖြစ်ပါတယ်။
လေ့လာသူတွေရဲ့ အဆိုအရ သူတို့ လေ့လာချက်ဟာ သကြားစားလို့ ဘယ်လို ရောဂါဖြစ်တယ်၊ ဘယ်လို သေဆုံးတယ် ဆိုတာကို လေ့လာထားခြင်း မဟုတ်ပဲ ဘယ်လို အစာတွေ စားလို့ အသက်တို စေနိုင်တယ်၊ ရောဂါ ထူနိုင်တယ် ဆိုတာပဲ လေ့လာထားတာ ဖြစ်လို့ သကြားစားရင် နှလုံးနဲ့ ပတ်သတ်တဲ့ ရောဂါတွေ ဖြစ်မယ်၊ မြန်မြန်သေမယ် လို့ တိတိကျကျ မဆိုလိုချင်ဘူးလို့ ပြောပါတယ်။ သေချာအောင် သူတိ့ု ပြောနိုင်တာ တခုက သကြားစားများရင် ပုံမှန်ထက် စောစော သေနိုင်တယ် ဆိုတာပဲ ဖြစ်ပါတယ်။
သကြားစား များခြင်းက အရွယ်မတိုင်ခင် သေဆုံးမှု ပိုစေတယ် ဆိုတာကိုပဲ သေချာပြောလာနိုင်တာပါလို့ လေ့လာရေး အဖွဲ့က Email နဲ့ BI သတင်းဌာနကို ပြန်လည် ဖြေကြားပေးတယ် လို့ သိရပါတယ်။
အထူးသဖြင့်တော့ အချိုရည်တွေ အသောက်များခြင်းနဲ့ သကြားစား များခြင်းတွေက ကျန်းမာရေး အတွက် မကောင်းဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် သကြားကိုသာ ကျန်းမာရေး ဆိုးကျိုးဖြစ်စေမှု များတယ် ဆိုတာ ပြောလာပေမယ့် တခြား သကြား မဟုတ်ပဲ ချိုတဲ့ အစာတွေကိုတော့ ရောဂါထူပြောမှု ဖြစ်စေဖို့ ရှိတယ် လို့ ထုတ်ပြန်ချက်မှာ မတွေ့ရတာပါပဲ။
အထူးသဖြင့်တော့ အချိုရည်တွေထဲက သကြားတွေဟာ အခြား ချိုတဲ့ အစာတွေထက် ကျန်းမာရေးကို ပိုပြီး ထိခိုက်မှု စေတယ်လို့ လေ့လာရေး အဖွဲ့ထဲဝင် ဂျင်းဝီလက်ရှ် (Jean Welsh) က BI သတင်းဌာနကို ပြောတာ တွေ့ရပါတယ်။ ဒီနေ့ခေတ် အမေရိကန် ကလေးတွေနဲ့ အရွယ်ရောက်သူတွေဟာ သူတို့ရဲ့ တနေ့တာ လိုအပ်တဲ့ ကယ်လိုရီရဲ့ ၇ ရာခိုင်နှုန်း လောက်ကိုပဲ အချိုရည်တွေကနေ ရယူသင့်တယ် လို့ သူက ဆက်ပြီး အကြံပေးထားပါတယ်။
စာရင်းတွေ အရလည်း အမေရိကန်တွေက အချိုရည် အသောက်များတယ်၊ ဒီလိုနဲ့ သကြား စားသလို ဖြစ်သွားစေပြီး ကျန်းမာရေး ထိခိုက်နေစေတယ် လို့ ဆိုပါတယ်။ အားဖြည့် အချိုရည်လို သောက်သုံးစရာတွေမှာကိုပဲ သကြား အနည်းငယ် ပါရှိတယ် လို့ ဆိုပြီး သူတို့ကိုလည်း သင့်ရုံပဲ သောက်သင့်တယ် လို့ ပြောပါတယ်။
ပြီးတော့ အများစုသော ကလေးငယ်တွေကနေ မိဘတွေ အထိ တရက်ကို သကြားဘယ်လောက် ပမာဏပဲ စားသင့်တယ် ဆိုတာ ကျန်းမာရေး အသိနည်းနေသေးတယ် လို့လည်း ပြောပါတယ်။ ဒီလို အသိ နည်းပါးခြင်းက ကိုယ်တိုင် ကျန်းမာရေး အားနည်းမှု ဖြစ်နေစေတာပါ။
အနည်းဆုံး သကြားစားများရင် ကိုယ်အလေးချိန် မြန်မြန်တက်လာနိုင်တယ်၊ အခြား လေ့လာချက် တခုမှာ သကြားစား များခြင်းက မှတ်ဉာဏ်ကို အားနည်းစေနိုင်တယ် လို့ ဆိုထားတာ တွေ့ရပြန်ပါတယ်။ ဒါကြောင့် ဝီလက်ရှ်က ဆက်ပြီး “ကျနော်တို့ သကြားစားသုံးမှုကို ထိန်းရပါလိမ့်မယ်။ အသက်ရှင် နေထိုင်နေချိန်မှာလည်း ကျန်းမာရေး ချို့တဲ့စေနိုင်တယ်၊ ရောဂါထူပြီး အသက်တိုဖို့ ဖြစ်လာစေတယ်” လို့ ပြောပါတယ်။
ဒါဆိုရင်တော့ ဟုတ်ပါပြီ၊ သကြားစားသုံးတာကို လျှော့ချ ဖို့ သင့်ပြီ၊ လျှာကို အလိုမလိုက်ဘဲ ထိန်းသင့်ပါပြီ။ ဘယ်လို လျှော့ချကြမလဲ၊ ဘာနဲ့ အစားထိုး လျှော့ချရင် ကောင်းမလဲ ဆိုတော့ မြန်မာရိုးရာ အစားအစား ဖြစ်တဲ့ ထန်းလျှက်တွေနဲ့ ပေါ့။
Ref: www.businessinsider.com