Health

အမျိုးသမီးတွေရဲ့ ဦးနှောက်က အမျိုးသားတွေထက် ပိုမို နိုးကြားမှု ရှိတယ်

နောက်ဆုံးလေ့လာ တွေ့ရှိချက်တွေ အရ အမျိုးသမီးတွေရဲ့ ဦးနှောက်ဟာ အမျိုးသားတွေထက် ဧရိယာ ပိုမို ကျယ်ဝန်းပြီး ပိုမို နိုးကြားမှု ရှိတယ် လို့ ဆိုပါတယ်။ ဒီလို ဧရိယာပိုမို ကျယ်ဝန်းပြီး နိုးကြားမှု ရှိခြင်းရဲ့ ရလဒ်ကတော့ စိတ်ညစ်စရာတွေ၊ စိတ်ဖိအားတွေကို အမျိုးသားတွေထက် ပိုမို ရင်ဆိုင်နိုင်တယ်၊ စိတ်ဖြေသိမ့်မှု ပိုမိုလုပ်ဆောင်နိုင်လာပါတယ် လို့ ဆိုပါတယ်။

ဒါကလည်း ဦးနှောက်အတွင်း Limbic လို့ ဆိုတဲ့ စိတ်ခံစားမှုကို ဖြေရှင်းကိုင်တွယ်တဲ့ အပိုင်းကို သွေးစီးဆင်းမှု ပိုများတာ ကြောင့် အခုလို စိတ်ခံစားချက် ဆိုင်ရာ အားနည်းချက်တွေကို ပိုမို မြန်ဆန်အောင် လျော့ချ ဖြေရှင်းနိုင်လာတာ ဖြစ်ပါတယ်။

ဦးနှောက် အတွင်းပိုင်းကို သွေးစီးဆင်း ဝင်ရောက်မှု အပိုင်းမှာ အမျိုးသမီးတွေက ပိုမိုတယ်။ ဒါကြောင့်လည်း အမျိုးသား တွေရဲ့ ဦးနှောက်ထက် နိုးကြားမှု ဧရိယာပိုမို များပြားပြီး လုပ်ဆောင်နိုင်စွမ်း၊ အထူးသဖြင့် စိတ်ခံစားချက် ဆိုင်ရာ ဖြေရှင်းမှုတွေကို ပိုမို လွယ်ကူအောင် ကိုင်တွယ် ဖြေရှင်းနိုင်လာတာ ဖြစ်ပါတယ်။

လေ့လာချက် အရ စိတ်ညစ်စရာတွေ၊ စိတ်ဖိအားတွေ အပြင် အစားအသောက် မမှန်ခြင်း၊ အစာ မစားချင်သလို ဖြစ်နေတဲ့ စိတ်ခံစားချက်တွေ အထိ အမျိုးသမီးတွေက ပိုမိုလျော့ချနိုင်တာ တွေ့လာရပါတယ်။ ဒီ လေ့လာချက်ကို ကယ်လီဖိုးနီးယား အခြေစိုက် Amen ဆေးခန်းက လေ့လာထားတာ ဖြစ်ပြီး ဦးနှောက် တခုလုံးကို အသေးစိပ် လေ့လာချက် အရ သိလာရတာ ပါ။ Amenနဲ့ မိတ်ဖက် ဆေးခန်းပေါင်း ၉ ခုကနေ ဦးနှောက်ပိုင်းဆိုင်ရာ ဓာတ်ရောင်ခြည် ဖမ်းယူစစ်ဆေးချက်ပေါင်း ၄၆၀၀၀ ကျော် ရယူလေ့လာထားတာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

ဒီလို စစ်ဆေးချက်တွေ အတွင်း အမျိုးသမီးတွေရော အမျိုးသားတွေရဲ့ ဦးနှောက် အစုံကို နှိုင်းယှဉ် လေ့လာမှု လုပ်တဲ့ အခါ တွေ့လာရတာကတော့ ဦးနှောက်တွင်း သွေးစီးဆင်းမှု ကွာခြားချက်ပဲ ဖြစ်ပြီး အမျိုးသမီးတွေက သွေးစီးဆင်းမှု ပိုမိုတာ တွေ့လာရတယ် လို့ ဆိုပါတယ်။

ဓာတ်ရောင်ခြည် စစ်ဆေးမှု အတွင်း အမျိုးသမီးတွေက ဦးနှောက်ရဲ့ အနီရောင်နယ် (Red-coloured Area) ကို သွေးစီးဆင်းမှု ပိုပြီး အမျိုးသားတွေကတော့ အပြာရောင်နယ် (Blue-coloured Area) ကို သွေးစီးဆင်းမှု ပိုတယ် လို့ တွေ့လာရပါတယ်။

ဒီလို သွေးစီးဆင်းမှု နယ်ပယ် ကွဲပြားမှုမှာ အမျိုးသမီးတွေက စိတ်ခံစားချက်ကို ဖယ်ထုတ်နိုင်မှုနဲ့ စိတ်သက်သာရာရမှု ပိုမို မြန်ဆန်တာ တွေ့ရသလို ဦးနှောက် အမြှေးရောင် ရောဂါလို နောက်ဆက်တွဲ ရောဂါတွေပါ ဖြစ်နိုင်ခြေ နည်းသွားပြီး အမျိုးသားတွေ မှာတော့ စိတ်ညစ်မှုတွေကနေ စိတ်ရောဂါတွေပါ ဖြစ်နိုင်ခြေ ပိုများစေနိုင်တယ် လို့ ဆိုပါတယ်။

ဒီလေ့လာချက်ကို Journal of Alzheimer’s Disease မှာ ဆောင်းပါးအဖြစ်လည်း ဖော်ပြထားတာ တွေ့ရပြီး အမျိုးသားတွေမှာ အပြာရောင်နယ်ကို သွေးစီးဆင်းမှု ပိုတဲ့ အတွက် အာရုံစူးစိုက်နိုင်မှု၊ စိတ်ချုပ်တည်းနိုင်မှု အပိုင်းတွေ အားကောင်းပေမယ့် အထက်မှာ ပြောခဲ့သလို စိတ်သက်သာရာ ရမှုတော့ နှေးတယ်၊ ခက်တယ်လို့ဆိုပါတယ်။ ပြီးတော့ အလုပ် လုပ်ဆောင်နိုင်မှု အပိုင်းမှာလည်း အမျိုးသားတွေရဲ့ ဦးနှောက်က စွမ်းရည် ပိုကောင်းတယ် လို့ ဆိုပါသေးတယ်။

Amen ဆေးခန်းက လေ့လာမှုကို ဦးဆောင် လုပ်ခဲ့သူ ဒေါက်တာ Daniel G. ကတော့ အခုလေ့လာချက်က ကျား၊ မ ကွဲပြားမှု အပေါ် ဦးနှောက်ရဲ့ အလုပ် လုပ်ဆောင်နိုင်မှု ကွဲပြားခြင်းကို လေ့လာဖို့ အများကြီး အထောက်အကူ ရလာစေတယ် လို့ ဆိုပါတယ်။

လေ့လာထားချက်တွေ အရ ကျား၊ မ ကွဲပြားမှု အပေါ်မှာတင် ဦးနှောက် အမြှေးရောင် ရောဂါလို ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါ ဖြစ်နိုင်ခြေ ကွဲပြားမှု ရှိပါတယ်။ အရင်ကတော့ ဘာကြောင့် ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါတွေ အမျိုးသားတွေမှာ အဖြစ်များတယ် ဆိုတာ မသိခဲ့ပေမယ့် အခုတော့ စိတ်ခံစားချက်ကို ဖြေလျော့နိုင်မှု ကွာခြားချက်ကြောင့် ဆိုတာ သိလာရတာပါ လို့ သူက ဆက်ပြောပါတယ်။

လေ့လာသူတွေက အခု လေ့လာမှု အတွင်း ဦးနှောက်ကို အဓိက အစိတ်အပိုင်း ၁၂၈ ခု ခွဲပြီး လေ့လာ စောင့်ကြည့်မှုတွေ လုပ်ဆောင်ပြီး အဖြေထုတ်ထားတာ ဖြစ်တယ် လို့ ဆိုပါတယ်။ ဦးနှောက်အတွင်းနယ် အလိုက် သွေးစီးဆင်းမှု ကွာဟချက် ဟာ စိတ်ခံစားချက်ကို ဖြစ်ပေါ်လာစေပြီး စိတ်ညစ်မှုနဲ့ စိတ်သက်သာရာ ရမှု ကွာဟချက်တွေ ဖြစ်လာစေတာလည်း ဖြစ်ပါတယ်။

ဒါဆိုရင်တော့ ဘဝပေး အနေအထားမှာတင် အမျိုးသမီးတွေက စိတ်သက်သာရာရမှု မြန်ဆန်တတ်ပြီး ဦးနှောက် ဆိုင်ရာ ရောဂါ ဖြစ်နိုင်ခြေ နည်းတာ တခုက ကံကောင်းမှု ဖြစ်လာပါတယ်။ အမျိုးသားတွေ အတွက်တော့ စိတ်မာတယ်၊ ယောက်ျားကွ ဆိုတဲ့ စကားလုံးကို ခဏမေ့ထားပြီး အတတ်နိုင်ဆုံး စိတ်ခံစားချက်၊ အထူးသဖြင့် စိတ်ညစ်စရာတွေကို သိပ်မတွေး၊ သိပ် မခံစားတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ။

Ref: www.businessinsider.com

Loading