ငွေကြေးမည်မျှချမ်းသာပါစေ၊ မိမိအိမ်အတွင်း ခေတ်မီအသုံးအဆောင်တွေ မည်မျှသုံးစွဲထားပါစေ၊ အိမ်တအိမ်မှာ သန့်ရှင်းလုံခြုံသော အိမ်သာကောင်းကောင်းတလုံး မရှိပါက မိသားစုများ အမှန်တကယ်ပျော်ရွင်ကြရပါမည်လား။ ပြီးခဲ့တဲ့ သင်္ကြန်ပိတ်ရက်အတွင်းက “Toilet” ဆိုတဲ့ အိန္ဒိယဇာတ်လမ်းတပုဒ် ကြည့်လိုက်ရပါတယ်။ နာမည်ကျော်မင်းသား အက်ရှေကူးမားကပဲ ဇာတ်လိုက်ပေါ့။ ဓလေ့ထုံးစံတွေနဲ့ ပိတ်လှောင်မွန်းကြပ်နေတဲ့ အိန္ဒိယနိုင်ငံက နယ်မြို့ကလေး တမြို့မှာ ရှိတဲ့ ကျေးရွာကလေးက မင်းသားဟာ အသက် ၃၆ နှစ်အထိ မိန်းမမရသေး ၊ ရှေးဓလေ့တွေ ၊ ဗေဒင် ၊ယတြာတွေ အစွဲကြီး တဲ့ အဖေကြီးက သူ့ကို မိန်းမယူရင် ဒုက္ခရောက်မယ်လို့ပြောထားတော့ အဖေစကားနားထောင်ရင်း လူပျိူကြီး ဖြစ်လာ ရာကနေ၊ တက္ကသိုလ်ကျောင်းသူကလေးတယောက်ကို ကြိုက်မိရာက လက်ထပ်လိုက်တဲ့အခါ အိမ်သာ ဇာတ်လမ်းက စပါ တယ်။ မင်းသားတို့နေတဲ့ရွာမှာ အိမ်တွေမှာ အိမ်သာသီးသန့်မထားပါဘူး။ ဇာတ်အနိမ့်အမြင့်ခွဲခြားမှုတွေအပြင်၊ အမျိူးသမီး တွေကို ခွဲခြားဆက်ဆံမှုတွေ သိပ်များတဲ့ နယ်မြို့လေးမှာ၊ အိမ်သာသွားချင်တဲ့အခါ အမျိူးသားတွေက အိမ်တွင်းဝန်းကျင် မှာ ပြီးစီးလိုက်ကြပါတယ်။
ဒါပေမယ့် အမျိူးသမီးတွေကတော့ အိမ်သာသွားဖို့အရေး မနက်အစောကြီးထ၊ လယ်ကွင်းတွေဒါမှမဟုတ်၊ လူနေအိမ် တွေနဲ့ဝေးရာ ခြုံပုတ်တွေမှာ ရှင်းရတာဖြစ်တာကြောင့် အင်မတန်ဒုက္ခ ရောက်ကြရပါတယ်။ မနက်မိုးမလင်းခင် အိုးလေးတွေပိုက်ပြီး အိမ်သာသွားရတာဟာ အဲ့ဒီဒေသကသူတွေအတွက် မထူးတော့ပေမယ့် မင်းသားရဲ့ ဇနီးအသစ် လေးကတော့ အိမ်သာမရှိတဲ့ အိမ်မှာ ပြသာနာတက်ပါတော့တယ်။ သူ့မိဘအိမ်မှာနေတုန်း က အိမ်သာရှိတာကြောင့် အိမ်သာတန်ဖိုးကိုသိတဲ့ မင်းသမီးက ခင်ပွန်းကို ဒီအကြောင်းတွေရှင်းပြပါတယ်။ မင်းသားအနေနဲ့ ရိုးရာဓလေ့ကိုလည်း မလွန်ဆန်နိုင်၊ ဇနီးကိုလည်း မပစ်နိုင်တာကြောင့် မနက်ခင်းတိုင်း အိမ်သာရှိတဲ့နေရာတွေကို နည်းလမ်း ရှာဖွေပေးပြီး ကျေနပ်အောင်လုပ်ပေးရပါတယ်။ ကြာလာတော့ အိမ်သာမရှိတဲ့ဒဏ်ကို မခံနိုင်တဲ့ဇနီးက မိဘအိမ် ပြန်သွားတာကြောင့် ရုပ်ရှင်ရိုက်ကူးရေးတခုက ရွှေ့ပြောင်းအိမ်သာကို သွားခိုးမိလို့ အချုပ်ကျတဲ့အထိဖြစ်ကုန်ပါတယ်။ ဒီဇာတ်လမ်းလေးဟာ အိန္ဒိယနိုင်ငံရဲ့ လက်ရှိမိရိုးဖလာ အစွဲအလန်းတွေ၊ ကျန်းမာရေး ပြသာနာတွေကို ကွက်ကွက်ကွင်းကွင်း ရိုက်ပြထားတဲ့ ဇာတ်လမ်းလေးပါ။ အိမ်သာဟာ ဘယ်လောက်အရေးကြီးကြောင်း၊ မဖြစ်သင့်တဲ့ ပတ်ဝန်းကျင်နဲ့ မကိုက်ညီတော့တဲ့ ဓလေ့တွေကို စွန့်လွှတ်သင့်ကြောင်းတွေကို သေချာထည့်သွင်း ရိုက်ကူးပြသသွားတာပါ။ ဒီဇာတ်ကားလေးကိုကြည့်ပြီး ကျမအတော်လေးကို သဘောကျရတာကတော့ အတွေးအခေါ်ကောင်းတဲ့ ဒါရိုက်တာတွေဟာ ဖြစ်ပျက်နေတဲ့ ခေတ်စနစ် တခုကို ဆက်လက် လက်ကိုင်မထားသင့်တဲ့ အတွေးအခေါ်တွေကို ဖောက်ထုတ်ပစ်ဖို့ ကြိုးစားတာဟာ ချီးကျူးဖို့ သိပ် ကောင်းပါတယ်။ ထောက်ပြသင့်တဲ့အရာတွေကို ထောက်ပြရမှာက ပြည်သူပြည်သားကောင်းတွေရဲ့ တာဝန်မဟုတ်ပါလား။
ကျမတို့ မြန်မာနိုင်ငံမှာရော၊ ဒီလို အိမ်သာနဲ့ ပက်သတ်ရင် တကယ်ပဲ အဆင်ပြေချောမွေ့တဲ့ အနေအထား ရောက်နေပါ ပြီလား။ ဘာတွေများပြောင်းလဲပေးဖို့လိုနေပါသလဲ။ ဒီဆယ်စုနှစ်တွေအတွင်းမှာ မြန်မာနိုင်ငံက နယ်စပ်ဒေသတွေပါမကျန်၊ နေရာတော်တော်များများကို အလုပ်ကိစ္စ၊ လေ့လာရေးခရီးပဲဖြစ်ဖြစ် သွားတာများခဲ့တော့ နယ်မြို့တွေရဲ့ အိမ်သာအပေါ် ခံယူချက်လေးတွေလည်း တဖြေးဖြေး ပြောင်းလဲလာပြီလို့တော့ ယူဆရပါတယ်။ ပြောင်းလဲလာပြီဆိုသည်မှာ ယခင်က ပြောင်းလဲဖို့လိုအပ်ချက်တွေရှိနေခဲ့တယ်လို့ ဆိုလိုချင်တဲ့သဘောပါ။ ကျမသွားခဲ့ရောက်ခဲ့ဖူးတဲ့ ခရီးစဉ်တွေတလျှောက်မှာ သဘောကျခဲ့ရတဲ့ အိမ်သာတခုနဲ့ စိတ်ဆင်းရဲခဲ့ရတဲ့ အိမ်သာတွေရှိခဲ့ပါတယ်။ ဒါပေမယ့် ဒါတွေဟာ မြန်မာပြည်ထဲမှာတော့ မဟုတ်ပါဘူး။ သဘောကျခဲ့ရတာက သိပ်ကိုသာယာလွန်းပြီး အိမ်သာကိုမြင်လိုက်တာနဲ့ ပြင်ဆင်ထားပုံ Decoration တွေဟာ ဝင်သုံးချင်ယုံမက ဓာတ်ပုံရိုက်ချင်အောင်ပါ ဆွဲဆောင်မှုရှိတဲ့ အကောင်းဆုံးအိမ်သာဆုရခဲ့တဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့က မယ်ကုဝဏ်ဘုန်းကြီးကျောင်း အိမ်သာဖြစ်ပါတယ်။ စိတ်မချမ်းမြေ့ဖြစ်ခဲ့ရတာကတော့ တရုတ်နယ်စပ် မြို့လေးဖြစ်တဲ့ ရွှေလီမြို့ထဲက တံခါးမပါတဲ့ ဈေးအိမ်သာတွေပဲဖြစ်ပါတယ်။ စိတ်အေးချမ်းသာစွာ အိမ်သာတက်ခွင့်မရခဲ့ တဲ့အတွက် ကျမဘဝမှာ စိတ်ညစ်ညူးခဲ့ရဖူးတဲ့ အိမ်သာအကြောင်းပါ။ မြန်မာနိုင်ငံမှာကော အဝေးပြေးလမ်း တွေကနေ ခရီးသွားရတဲ့အခါ ကျမတို့ အခက်အခဲအမြဲတွေ့ရတာကတော့၊ အိမ်သာပါပဲ။ ရန်ကုန်-မန္တလေးအမြန်လမ်း ကြီးမပေါ်လာခင် လွန်ခဲ့တဲ့ ၁၀ စုနှစ်ကျော် ကာလတွေကဆိုရင် ခရီးဝေးသွားတာနဲ့ လမ်းပေါ်မှာရှိတဲ စားသောက်ဆိုင်လေးတွေက အိမ်သာတွေကိုပဲ အားကိုးခဲ့ကြရတာဟာ၊ အဆင်ပြေပြေမပြေပြေ ၊ ကျန်းမာရေးမထိအောင်တော့ သုံးခဲ့ရတာပါ။ ခနော နီခနော်နဲ့ အိမ်သာပေါ်တက်ပြီဆိုရင် အိမ်သာအိုးထဲ မကြည့်မိအောင် အပေ့ါအလေးစွန့်ရတဲ့ ပြသာနာဟာ အတော်ကြီး ခဲ့ပါတယ်။ အနံ့အသက်ကမကောင်း၊ ရေကရှားနဲ့ မိမိဒုက္ခမိမိဘာသာရှင်းရတဲ့ အချိန်တွေက ခုဆိုရင်တော့ တော်တော် ကျာ်လွန်လာခဲ့ပါပြီ။ သန့်ပြန့်သန့်ရှင်းသော၊ ရေပေါပေါနှင့် သုံးချင်တိုင်းသုံးလို့ရနေသော အိမ်သာတွေကို မြင်လာရပါပြီ။
အမြန်လမ်းတလျှောက်မှာ ကျန်းမာရေးအတွက် သင့်တော်တဲ့ အိမ်သာတွေကို စားသောက်ဆိုင်ကြီးတွေက ဆောက်လုပ် ပေးထားကြပါပြီ။ ဝင်လိုက်တာနဲ့ စိတ်ချမ်းသာအောင်လည်း ဖန်တီးပေးထားကြပါပြီ။ သို့သော်၊ အိမ်သာဆိုသည်မှာ ကျန်းမာရေး အတွက် အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍက ပါနေတယ်ဆိုတာ သုံးစွဲသူတွေကိုယ်တိုင်ကော ကောင်း ကောင်း သုံးတတ်ဖို့လိုတာကို သိနေပြီလားဆိုတာကိုတော့ ရက်ရှည်ပိတ်ရက်များတဲ့ ကာလ ခရီးထွက်ကြည့်မိရင်သိပါ လိမ့်မယ်။ ခရီးသွားကားကြိးတွေ ထိုးစိုက်လာတဲ့ အဝေးပြေးလမ်းမပေါ်က အများသုံးသန့်စင်ခန်းတွေမှာ ၊ လူအများဝင်
လိုက်တာနဲ့ ရေမလုံလောက်မှု၊ သန့်ရှင်းရေးအားနည်းမှု၊ ရေလောင်းအိမ်သာ၊ ဘိုထိုင်အိမ်သာတွေကို ခုချိန်ထိ ကောင်း ကောင်းမသုံးတတ်မှုတွေကိုကြုံဖူးရင် ဒီအခြေအနေကို ကောင်းကောင်းနားလည်ကြမှာပါ။ အိမ်သာတွေ ပိုမို ကောင်းမွန် အောင် ဆောက်လာကြတယ်ဆိုရင်၊ အိမ်သာသုံးသူတွေကကော ဘာလို့ ကောင်းကောင်းမသုံးတတ်ရမှာလဲ၊ ဒါပေမယ့် မြနန်မာလူမျိူးအချို့ အိမ်သာကို ခုထိကောင်းစွာ မသုံးတတ်သေးဘူးလို့ပဲ ပြောရမှာပါ။ ဒါကြောင့်လည်း အိမ်သာတွေ အဝင်၀ ၊ အတွင်းထဲမှာ အိမ်သာကို ဘယ်လိုအသုံးပြုရမယ်ဆိုတဲ့ လမ်းညွှန်တွေကို ကပ်ထားရတာနေပါလိမ့်မယ်။
ဆက်စပ်ဖတ်ရှုရန် – “အိမ်သာမှ ဧည့်လာမည်။ အိမ်သာတွေကို အထူး သန့်ရှင်းစေချင်”