Health

ဘီယာနဲ့ ဝိုင်တစ်ခွက် ပိုသောက်တိုင်း အသက် ၁၅ မိနစ် တိုစေတယ်

ကျန်းမာရေး အတွက်၊ သွေးလေ မှန်ဖို့ အတွက် ယမကာတန်းဝင် အရက်၊ ဘီယာ၊ ဝိုင် စသဖြင့် သောက်သုံးပေးသင့်တာ မှန်ပေမယ့် လိုတာထက် ပိုပြီး သောက်သုံးမိရင်တော့ တန်ဆေးလွန်ဘေး ဆိုသလို ဖြစ်တတ်ပါတယ်။ လေ့လာချက် အသစ် တခု အရ အရက်ကို မပြောနဲ့၊ အရက်ထက် ပျော့တယ် လို့ ဆိုနိုင်တဲ့ ဘီယာ ဒါမှမဟုတ် ဝိုင်လို ယမကာကို သောက်သုံးသင့်တဲ့ နှုန်းထက် ပိုပြီး သောက်မယ် ဆိုရင် အသက်ကို ပိုတိုစေတယ် လို့ ဆိုပါတယ်။

အဲဒီ လေ့လာချက်သစ် အရ ပုံမှန် သောက်သင့်တဲ့ နှုန်းထက် ဘီယာ ဒါမှ မဟုတ် ဝိုင် တခွက် ပိုသောက်တိုင်း အသက် ၁၅ မိနစ် တိုစေတယ် လို့ ဆိုပါတယ်။ နာမည်ကျော် သတင်းဌာန တခု ဖြစ်တဲ့ Business Insider မှာလည်း သောက်သင့်တဲ့ ပမာဏထက် ဘီယာတွေ၊ ဝိုင်တွေ ပိုသောက်မယ် ဆိုရင် ဆေးလိပ် သောက်သုံးတာနဲ့ အတူတူ ကျန်းမာရေးကို ထိခိုက်မှု ရှိစေတယ် လို့ ဆိုထားတာ တွေ့ရပြန်ပါတယ်။

အမေရိကန်မှာတော့ ဘီယာနဲ့ ဝိုင် သောက်သုံးမှု အတွက် ကျန်းမာရေး ဌာနကနေ ပြည်သူကို လမ်းညွှန်ချက် ပေးထားတာ တွေ့ရပါတယ်။ ထုတ်ပြန်ထားချက် အရ သတင်းတပတ် (၇ ရက်) အတွက် အမျိုးသား တယောက်ဟာ ဘီယာ ဒါမှမဟုတ် ဝိုင်ကို ၁၉၆ ဂရမ်၊ တနည်းအားဖြင့် ၁၁ ခွက်အထိပဲ အများဆုံး သောက်သင့်တယ် လို့ ဆိုထားတာပါ။

ဒီလိုပဲ အမျိုးသမီးတွေကိုတော့ တပတ်မှာ ၉၈ ဂရမ်ထက် ပိုပြီး ဘီယာနဲ့ ဝိုင်တွေ မသောက်သင့်ဘူးလို့ ဆိုထားပါတယ်။ ဒီတော့ ၇ ရက် အတွက်မှ ဘီယာ ဒါမှမဟုတ် ဝိုင် ၅ ခွက်ခွဲထက် ပို မသောက်သင့်ဘူး လို့ ဆိုလိုတာပါ။

လေ့လာချက် အရ အခုလို တပတ်မှာ အမြင့်ဆုံး သောက်သုံးသင့်တဲ့ နှုန်းထက် ပိုမို သောက်သုံးတဲ့ နိုင်ငံတွေက အီတလီ၊ ပေါ်တူဂီနဲ့ စပိန်တွေ ရှိနေပြီး ပုံမှန်ထက် ၅၀ ရာခိုင်နှုန်းလောက် ပိုသောက်နေကြတယ် လို့ ဆိုပါတယ်။ ဒါပေမယ့် အင်္ဂလန် ကတော့ ဘီယာ၊ ဝိုင် သောက်သူနည်းပါးပြီး အများဆုံး သောက်နိုင်တဲ့ နှုန်းထက် ၅၀ ရာခိုင်နှုန်းလောက် လျော့နည်း သောက်သုံးလေ့ရှိတယ် လို့ ဆိုပါတယ်။

အခုလို သောက်သင့်တဲ့ နှုန်းထက် ပိုမို သောက်သုံးမှုကြောင့် အသက်တိုနိုင်တဲ့ အကြောင်းနဲ့ နောက်ဆက်တွဲ အစာအိမ်နဲ့ ကိုု်ယ်တွင်းပိုင်း ဆိုင်ရာ ရောဂါဖြစ်ပွားမှုကို လေ့လာဖို့ အတွက် အရက်သောက်သုံးသူ ၅ ဒသမ ၉၉ သိန်းကို လေ့လာ စောင့်ကြည့်မှု လုပ်ဆောင်ထားပြီး အခုလို ထုတ်ပြန်ချက် တခု ထွက်လာတာလည်း ဖြစ်ပါတယ်။

 

အထူးသဖြင့်တော့ အရက် (ဘီယာ၊ ဝိုင် အပါအဝင်) သောက်သင့်တဲ့ ပမာဏထက် ပိုပြီး သေက်မိလို့ ကိုယ်တွင်းပိုင်းဆိုင်ရာ ရောဂါတွေ အပြင် ကင်ဆာထိ ဖြစ်စေနိုင်ပြီး အသက်တိုတာ ဖြစ်တယ် လို့ ဆိုပါတယ်။ ပြန်လည် တွက်ချက်ကြည့်မှုတွေ အရတော့ အထက်မှာ ပြောခဲ့သလို အများဆုံး သောက်သုံးနိုင်တဲ့ ပမာဏထက် တခွက် ပိုသောက်တိုင်း အသက် ၁၅ မိနစ် တိုသွားစေတယ် လို့ အလွယ် ဆိုနိုင်လာတာ ဖြစ်ပါတယ်။

လေ့လာသူတွေရဲ့ တွေ့ရှိချက် အရ တပတ်ကို ဘီယာ၊ ဝိုင် ၁၀၀ ဂရမ် ဝန်းကျင် ပုံမှန် သောက်သုံးပေးသူတွေက စိတ်ပိုင်း ဆိုင်ရာပါ အားကောင်းမှု ဖြစ်စေပြီး လူရော စိတ်ပါ ကျန်းမာ လန်းဆန်းမှု ရှိတယ် လို့ ဆိုပါတယ်။ ပြီးတော့ အဆိုပါ ပမာဏ ဝန်းကျင်လောက်ပဲ ဘီယာ၊ ဝိုင် သောက်တဲ့ အမျိုးသားတွေကို စောင့်ကြည့်တဲ့ အခါ တခြား အမျိုးသားတွေ၊ အသောက်များသူတွေ ထက် အသက် ၁ နှစ်ကနေ ၂ နှစ်လောက်ထိ ပိုပြီး နေထိုင်ရတယ်၊ ကျန်းမာတယ် လို့လည်း ဆိုလာပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် လူတိုင်းဟာ မိမိရဲ့ ရှိပြီးသား အသက်လေးတော့ ဘယ်သူမှ တိုချင်မယ် မထင်ပါဘူး။ စိတ်ကို အလိုလိုက်မိလို့ သောက်သင့်တဲ့ ပမာဏထက် ၁ ခွက် ပိုသောက်မိတိုင်းတော့ အသက် ၁၅ မိနစ် မတိုပါစေနဲ့။ ပြီးတော့ အသက် တိုသွားတာထက် မသေခင် ရောဂါဘယတွေ ခံစားရမယ်။ အသောက်များလာတာနဲ့ အမျှ ဘီယာဖိုး၊ ဝိုင်ဖိုး အပြင် မိမိ ပိုင်ဆိုင်တဲ့ အသက်ထဲက မိနစ်တွေပါ ပေးဆပ်လိုက်ရတယ် ဆိုတာ သိထားပါ။

“အသောက်များတာနဲ့ အသက်တိုစေတဲ့နှုန်း ပိုလာတယ်၊ တခွက်ချင်း အလိုက် ၁၅ မိနစ်လောက် အသက်တိုစေတယ်” လို့ အခု လေ့လာချက်ကို ပူးပေါင်း လုပ်ဆောင်ခဲ့တဲ့ ကိန်းဘရစ် တက္ကသိုလ်က ပါမောက္ခ ဒေးဗစ်စပီးဂီဟော့လ်တား (David Spiegelhalter) က ပြောပါတယ်။ ။

Ref: www.maxim.com

Loading