လူအများစုဟာ တနေ့တာ လုပ်ငန်းခွင်ကနေ ပြန်ရောက်တဲ့အခါ တီဗီရှေ့မှာ ညနေစာစားရင်း အနားယူ အပန်းဖြေလေ့ ရှိကြပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ သုတေသနပြုချက်တွေအရ တီဗီကြည့်နေစဉ်မှာ အစားစားခြင်းက ပုံမှန်စားနေကျထက် ပိုမို စားသုံးမိတတ်တာကြောင့် အဝလွန်ခြင်းအပြင် နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေကိုပါ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
သိပ္ပံပညာရှင်တွေရဲ့ စစ်တမ်းကောက်ယူချက်အရ တီဗီကြည့်ရင်းအစားစားတတ်တဲ့ အလေ့အကျင့်နဲ့ပက်သက်ပြီး စိုးရိမ် ဖွယ် ကောင်းလှတဲ့ စစ်တမ်းတခုကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါကတော့ အစားစားရင်း တီဗီကြည့်တတ်သူတွေနဲ့ အစားမစားဘဲ တီဗီကြည့်သူတွေကို နှိုင်းယှဉ်ပြီး သုတေသနပြုလုပ်တဲ့အခါ အစားစားရင်း တီဗီကြည့်သူတွေဟာ အစားမစားဘဲ တီဗီ ကြည့်သူတွေထက် စိတ်ဖိစီးမှုနဲ့ စိတ်ကျရောဂါ ပိုမိုဖြစ်ပွားနိုင်တယ် ဆိုတာပဲဖြစ်ပါတယ်။
တီဗီကြည့်ရင်းနဲ့ အစားစားခြင်းဟာ လက်ရှိစားနေတဲ့အစားအစာပေါ်ကို ဦးနှောက်က အာရုံစိုက်မှု နည်းသွားပြီး ကြည့်ရှု နေတဲ့ တီဗီအစီအစဉ်ပေါ်ကို အာရုံစိုက်ထားမှုများခြင်းကြောင့် ပုံမှန်စားနေကျ ပမာဏထက် ပိုပြီးစားမိတတ်တာမလို့ ခန္ဓာကိုယ်အလေးချိန်ကို တက်လာစေနိုင်ပါတယ်။ အစားအစာပေါ်ကို စိတ်ဝင်စားမှုနည်းတဲ့သူတွေအနေနဲ့ကတော့ တီဗီကြည့်ရင်း အစားစားခြင်းဟာ အစားစားနေတုန်း အချိန်ဆွဲလိုက်သလို ဖြစ်တာကြောင့် အစာစားချင်စိတ်နည်းသွားပြီး သရေစာတွေကိုသာ ပိုမို စားမိတတ်စေပါတယ်။
အစာအဆက်မပြတ်စားရင်း တီဗီကြည့်ခြင်းကြောင့် အစာအိမ်ရဲ့အစာခြေစနစ်ကို အနှောင့်အယှက်ဖြစ်စေပြီး စားသုံးနေတဲ့ အစားအစာအမျိုးအစား(ဥပမာ- အာလူးကြော်အပါအဝင် အခြားဆီကြော်မုန့်များ) ပေါ်မူတည်ပြီး အဝလွန်ရောဂါနဲ့ ဆီးချို ၊သွေးတိုး အစရှိတဲ့ ရောဂါတွေ ဖြစ်နိုင်တာကြောင့် အစားစားရင် တီဗီကြည့်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
Ref. https://steptohealth.com