လူတိုင်းနီးပါးဟာ ကျန်းမာရေး ပြဿနာတခုခုကြောင့် ဆေးသောက်ဖူးခဲ့ကြမှာပါ။ ရောဂါဝေဒနာတွေကို ပျောက်ကင်း စေဖို့နဲ့ ကာကွယ်ကုသဖို့အတွက် ဆေးသောက်သုံးတဲ့အခါ ဆေးအာနိသင် ထိရောက်မှုရှိဖို့အတွက် နည်းစနစ်မှန်မှန်နဲ့ သောက်သုံးဖို့ လိုအပ်တာကြောင့် ဆေးသောက်တော့မယ်ဆိုရင် သတိထားသင့်တဲ့ အချက်တွေကို ဧရာဝတီ စာဖတ် ပရိသတ်တွေ အတွက် ရေးသားဖော်ပြ လိုက်ပါတယ်။
(၁) အစာမစားခင် ဆေးသောက်ဖို့ ဆရာဝန်က ညွှန်ကြားတဲ့အခါ အစာ မစားခင် နာရီဝက်ခန့်မှာ သောက်သင့်ပြီး အစာစားပြီးမှ သောက်သုံးဖို့ ညွှန်ကြားတဲ့အခါမျိုးမှာ အစာစားပြီး ၁၀ မိနစ်ခန့်အကြာမှ သောက်သုံးသင့်ပါတယ်။ စားလိုက်တဲ့ အစာကြောင့် ဆေးအာနိသင် ပျက်ပြယ်တာမျိုး မဖြစ်ရအောင်နဲ့ ဆေးကြောင့် အစာအိမ်တွင်း မအီမသာ ခံစားရတာမျိုးတွေ မဖြစ်ပေါ်ရအောင် ဆေးကို အခုဖော်ပြခဲ့တဲ့ အချိန်တွေအတိုင်း သောက်သုံးသင့်ပါတယ်။
(၂) ဆေးသောက်တဲ့အခါ အချို့သောသူတွေဟာ ဆေးကို ရေအစား ရေနွေးကြမ်း၊ နွားနို့၊ ကော်ဖီ အစရှိတာတွေနဲ့ တွဲဖက် သောက်သုံးလေ့ ရှိကြပါတယ်။ ဆေးသောက်ရာမှာ ဒီလိုတွေ တွဲဖက်သောက်သုံးခြင်းဟာ မှားယွင်းတဲ့ အလေ့အကျင့် တမျိုးပဲ ဖြစ်ပြီး ဆေးအာနိသင်ကို ပျက်ပြားစေနိုင်တဲ့အတွက် ဆေးသောက်တဲ့အခါ ရေနဲ့ သောက်သုံးခြင်းကသာလျှင် အကောင်းဆုံးဖြစ်ပါတယ်။
(၃) အကိုက်အခဲပျောက်ဆေးတွေ သောက်သုံးတဲ့အခါ ဆေးသောက်ပြီးတာနဲ့ ရေများများ သောက်သုံးသင့်ပါတယ်။ ရေသောက်နည်းမယ်ဆိုရင် အကိုက်အခဲ ပျောက်ဆေးတွေဟာ အစာအိမ်နံရံမှာကပ်နေနိုင်ပြီး အစာအိမ်ကို ထိခိုက် စေနိုင်တာကြောင့် ရေများများ သောက်သင့်ပါတယ်။
(၄) အိပ်ရာဝင်ကာနီး ဆေးသောက်တဲ့အခါ ဆေးသောက်ပြီးပြီးချင်း လှဲအိပ်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ဆေးသောက်ပြီး ၃ မိနစ်ခန့်အကြာမှ အိပ်သင့်ပါတယ်။
(၅) မတူညီတဲ့ ဆေးတွေကို တွဲဖက် သောက်သုံးတဲ့အခါ တွဲသောက်လို့ ရမရ ဆိုတာကို ဆရာဝန်ဆီ သေချာမေးမြန်းပြီးမှ သောက်သုံး သင့်ပါတယ်။ မတူညီတဲ့ဆေးတွေဟာ သွေးထဲမှာ မလိုလားအပ်တဲ့ ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်ပေါ်နိုင်တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။
Ref ; my.clevelandclinic.org