Health

ပလတ်စတစ် ညှော်နံ့နဲ့ လေထုထဲက အမှုန်အမွှား အန္တရာယ်

Want create site? Find Free WordPress Themes and plugins.

ပလတ်စတစ် ညှော်နံ့

သင့် ဝန်းကျင်က အသုံးအဆောင်ပစ္စည်း အများစုဟာ ပလတ်စတစ်နဲ့ မကင်းနိုင်ပါ။ သောက်ရေသန့်ဘူး၊ ထမင်းဘူး၊ ရေခွက်၊ ပေတံ၊ ဘောလ်ပင်၊ လျှပ်စစ်မီးကြိုး၊ ကုလားထိုင်၊ တယ်လီဖုန်း စသဖြင့် ပလတ်စတစ်ကမ္ဘာထဲမှာ သင် နေထိုင်နေရတယ် ဆိုတာ သတိပြုမိပါ လိမ့်မယ်။ ဒီလို ပလတ်စတစ်ကမ္ဘာထဲမှာနေထိုင်ရင်း မကြာခဏ ဆိုသလို ပလတ်စတစ် မီးလောင်လို့၊ ဒါမှ မဟုတ် မီးရှို့လို့ ထွက်လာတဲ့ ညှော်နံ့တွေလည်း မကြာခဏ ကြုံရမှာပါ။ ပလတ်စတစ် ညှော်နံ့က သင့်ရဲ့ ကျန်းမာရေးကို ဘယ်လောက်ထိ ထိခိုက်စေတယ် ဆိုတာ ပြောပြပါမယ်။

ပလတ်စတစ် ဒါမှမဟုတ် ကတ္တရာတွေ မီးလောင်လို့ ထွက်လာတဲ့ ညှော်နံ့ထဲမှာ အဆိပ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေပါတယ်။ အဲဒီ ဓာတုအဆိပ်တွေက လူ့ခန္ဓာကိုယ် အလုပ် လုပ်ဆောင်မှုတွေကို ထိခိုက်စေပါတယ်။ အထူးဖြင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေရဲ့ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ၊ အဆုတ်ရောဂါ၊ နှလုံး၊ ကျောက်ကပ် စတဲ့ ကိုယ်တွင်း အင်္ဂါတွေကို ထိခိုက်စေပါတယ်။

သုတေသနပြု စစ်တမ်းကောက်ယူမှုတွေအရ ကမ္ဘာတဝှမ်း မြို့ပြရော ကျေးလက်ဒေသပါ မကျန် ပလတ်စတစ်နဲ့ မကင်းသလို ပလတ်စတစ် ညှော်နံ့နဲ့လည်း ကင်းလို့ မရတော့ဘူး လို့ ဆိုပါတယ်။ တချို့က ကိုယ့်ခြံထဲမှာ အမှိုက်သရိုက်တွေ ရှင်းလင်းပြီး မီးရှို့တယ်၊ အဲဒီမှာ အမှိုက်ထဲမှာ ပလတ်စတစ်တွေလည်း ပါတယ် မဟုတ်လား။

တကယ်တော့ ပလတ်စတစ်က ထွက်တဲ့ ညှော်နံ့က လူတွေ ထင်တာထက် အများကြီး ပိုပြီး အန္တရာယ်ရှိနေတယ် လို့ သုတေသီတွေက ပြောပါတယ်။ ပလတ်စတစ်ညှော်နံ့က နှလုံးရောဂါနဲ့ ဆက်စပ်တဲ့ ရောဂါတွေ၊ ပန်းနာရင်ကျပ်ရောဂါ စတာတွေ အပြင် ကင်ဆာလည်း ဖြစ်စေနိုင်တယ် လို့လည်း သတိပေးထားပါတယ်။

ပလတ်စတစ်ခွက်တလုံး၊ ဒါမှမဟုတ် အသားထည့်ခွက် တခု၊ ဒါမှမဟုတ် ကြက်ဥပါကင်ခွက် တခုကို မီးလောင်မယ် (သို့မဟုတ်) မီးရှို့မယ် ဆိုပါတော့… မီးလောင်ကျွမ်းရာကနေ ဟိုက်ဒြိုကာဗွန် ဓာတ်ငွေ့တွေ ထွက်ပါတယ်။ အဲဒီ C8 H8 ဟိုက်ဒြိုကာဗွန်ဓာတ်ငွေ့က အသားအရေနဲ့ အဆုတ်ထဲကို စိမ့်ဝင်နိုင်ပါတယ်။

တကယ်လို့သာ လေထုထဲမှ ဒီဟိုက်ဒြိုကာဗွန်ဓာတ်ငွေ့ သိပ်သည်းများပြားနေမယ် ဆိုရင်တော့ သင့်ရဲ့ မျက်စေ့တွေကို ထိခိုက်စေတယ်၊ နှာခေါင်းနဲ့ ပါးစပ်တွေရဲ့ အတွင်းပိုင်းက ချွဲသလိပ်၊ နှာရည်ထွက်စေတဲ့ အမြှေးပါးကို ပျက်စီးစေပါတယ်။ ဟိုက်ဒြိုကာဗွန်ဓာတ်ငွေ့တွေကို ကြာကြာ ရှူရှိုက်နေရမယ် ဆိုရင်တော့ အာရုံကြောဆိုင်ရာတွေ၊ ခေါင်းကိုက် ခေါင်းခဲဝေဒနာ တွေ၊ အားအင်ကုန်ခန်းတာတွေ၊ အားနည်းချည့်နဲ့ပြီး စိတ်ကျတာတွေ ဖြစ်စေပါတယ်။

ဆိုးတာက လေထုထဲမှာ ဟိုက်ဒြိုကာဗွန်တွေ ပါနေလို့ ဆိုပြီး နှာခေါင်းစည်းသုံးပေမယ့်လည်း ဘယ်လိုမှ အကာအကွယ် မရနိုင်တာပါပဲ။ နောက်ပြီး ဟိုက်ဒြိုကာဗွန်ဓာတ်ငွေ့ တွေဟာ လေထုနဲ့ ရေထုထဲကိုရော ခန္ဓာကိုယ်တွင်းကိုပါ အလွယ်တကူ ဝင်ရောက်ပြီး အန္တရာယ် ဖြစ်စေပါတယ်။

လွင့်ပျံနိုင်တဲ့ ဖုန်မှုန် ကျောက်မှုန်တွေ

လေထဲကို လွင့်ပျံနိုင်တဲ့ ဖုန်မှုန် ကျောက်မှုန် မီးသွေးမှုန်တွေကို Particle Matter လို့ ခေါ်ပြီး အဲဒီ အမှုန်တွေကို PM10 လို့ သတ်မှတ်ပါတယ်။ PM 10 နဲ့ ဆက်စပ်နေတဲ့ PM 2.5 ဖြစ်ပေါ်လာပုံက စိတ်ဝင်စားစရာ ကောင်းသလို ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေတဲ့ အကြောင်း တင်ပြပါမယ်။ လေထဲကို လွင့်ပျံနိုင်တဲ့ အမှုန်တွေနဲ့ မီးလောင်ကျွမ်းမှုကြောင့် လေထုထဲကို ရောက်ရှိလာတဲ့ ဆာလ်ဖာနဲ့ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုဒ် အပါအဝင် ညစ်ညမ်းဓာတ်ငွေ့တွေ ဓာတ်ပြုပြီး ထွက်ပေါ်လာတဲ့ ဓာတ်ပြုအမှုန်ကိုတော့ PM2.5 လို့ ခေါ်ပါတယ်။

PM10 ဆိုတဲ့ လေထုထဲမှာ လွင့်ပျံအမှုန်တွေကို ရှူရှိုက်မိရင် အဆုတ်နဲ့ အစာအိမ်လမ်းကြောင်း ထိခိုက်စေနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ သဘာ၀ အရ နှာချေပြီးတော့ ပြန်လည် စွန့်ထုတ်တတ်သလို ချောင်းဆိုးပြီးတော့လည်း ပြန်လည် စွန့်ထုတ် ဖယ်ရှားပါတယ်။ သို့ပေမယ့် PM2.5 ကို ရှူရှိုက်မိရင်တော့ ပြန်လည် စွန့်ထုတ်လို့ မရဘဲ အဆုတ်တွင်း၊ သွေးလမ်းကြောင်း ထဲ ဝင်ရောက်ကာ သေစေနိုင်တဲ့ အထိ အလွန်ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။

လေထုထဲက အမှုန်အမွှားတွေကြောင့် ဖြစ်စေနိုင်တဲ့ ရောဂါတွေက အဆုတ် ကင်ဆာ၊ ပန်းနာရင်ကျပ်၊  ပိုးဝင်ပြီး ချောင်းဆိုးခြင်း၊ အဆုတ်လုပ်ငန်းဆောင်တာ ယိုယွင်းခြင်း၊ ကလေးတွေမှာ ငယ်ရွယ်စဉ် အဆုတ် ရောဂါ ရစေနိုင်ခြင်းများ ဖြစ်စေနိုင်ပါတယ်။

ကိုယ်ဝန်သည် အမျိုးသမီးများမှာတော့ သန္ဓေသားကြီးထွားမှု ပုံမမှန်ဖြစ်ခြင်း၊ ပေါင်မပြည့်တဲ့ ကလေး မွေးခြင်း၊ လမစေ့ဘဲ မွေးခြင်း၊ ကလေးရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာတွေမှာ ကြီးထွားရင့်သန်မှု ပုံမှန် မဖြစ်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ အမျိုးသားများ အတွက်လည်း သုတ်ပိုးအရည်အသွေး ကျဆင်းခြင်း၊ အားအင်ကုန်ခန်း နွမ်းနယ်ခြင်း အပါအဝင် အခြား ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။

Ref: www.wecf.org & Ambient Air Pollution Database, WHO, May 2016

Did you find apk for android? You can find new Free Android Games and apps.
Loading