လောကရဲ့ သဘာ၀ တရားတခု ဖြစ်တဲ့ လိင်ဆက်ဆံမှု အကြောင်း ပြောဆိုတာဟာ ယနေ့ခေတ်မှာတော့ ရှက်စရာ၊ မသတီစရာမျိုးလို့ မယူဆကြတော့ပါ။ အခုလည်း အိမ်ထောင်ရေး သုခ အပြည့်အ၀ ရရှိကြစေဖို့ သတိပြုဖွယ် အချက် တချက်ကို ပြောပြပါမယ်။ အိမ်ထောင်ရေး သုခ မပြည့်ဝရင် အိမ်ထောင်ရေး အဆင်မပြေတာတွေတောင် ဖြစ်လာတတ်တယ် မဟုတ်လား။ ဒီတော့ အိမ်ထောင်ရေး သုခ ပြည့်ဝအောင် လိင်ဆက်ဆံတဲ့ အခါတွေမှာလည်း နှစ်ဦးသား ကျေနပ်ပြည့်ဝမှု ရှိဖို့၊ ရဖို့တော့ လိုအပ်ပါတယ်။
အခု ပြောမယ့် အကြောင်းက တကယ်တမ်းဆို အိမ်ထောင်သည် အများစု သိထားပြီးသား အချက် တချက်ပဲ။ ဘာလဲ ဆိုတော့ အစပျိုးခြင်းပါ။ အင်္ဂလိပ်လိုတော့ Foreplay လို့ ခေါ်ပါတယ်။ နည်းနည်းပိုရှင်းအောင် ပြောပြရရင် ပွေ့ဖက် နမ်းရှုပ် ထိတို့ပြီး နှူးခြင်း၊ နှပ်ခြင်း၊ ဆွခြင်း ပါပဲ။ ဖတ်ရလွယ်အောင်၊ အဆင်ပြေအောင် အစပျိုးခြင်းလို့ ဆိုပါရစေ။ အခု လေ့လာချက်ကို အိမ်ထောင်သည်ပေါင်း ၁၀၀၀ ကျော်ကို စစ်တမ်း ကောက်ယူထားပြီး လေ့လာချက် လုပ်ဆောင်ထားတဲ့ အမေရိကန် အခြေစိုက် လေ့လာရေး အဖွဲ့ Body Logic MD ရဲ့ လေ့လာချက် ရလဒ်ကနေ ရယူ တင်ပြ ထားတာ ဖြစ်ပါတယ်။
သူတို့ရဲ့ လေ့လာချက် အရ အိမ်ထောင်သည်ဘ၀ ရောက်ပြီ ဆိုတာနဲ့ အမျိုးသမီး ၈၁ ရာခိုင်နှုန်းလောက်နဲ့ အမျိုးသား ၉၃ ရာခိုင်နှုန်းလောက်က လိင်ဆက်ဆံနဲ့ ဆန္ဒပြီးမြောက်စေမှုတွေ အတွက် အစပျိုးခြင်း (အစပျိုးချိန်) ကောင်းကောင်း မပေးတော့ပဲ လိင်ဆက်ဆံတယ်၊ ပြီးမြောက်စေတယ်လို့ သိရပြီး ရလဒ်ကတော့ ကျေနပ်ပြည့်ဝမှု မရှိတာပဲ ဖြစ်တယ် လို့ ဆိုပါတယ်။
တကယ်တမ်း အိမ်ထောင်သည်တွေ အတွက် အဓိက လိုအပ်နေတဲ့ အချက်တချက်က အစပျိုးမှု ကောင်းကောင်း ရှိဖို့ပဲ ဖြစ်ပါတယ်။ Foreplay ကို အဓိပ္ပာယ် ဖွင့်ဆိုချက်မှာတော့ ချစ်သူတဦးက မိမိရဲ့ ချစ်သူကို နမ်းရှိုက်ခြင်း၊ ထိတွေ့ခြင်း၊ ပွတ်သပ်ခြင်း စတဲ့ အစပျိုးမှု ပုံစံတွေနဲ့ စတင် နိုင်ပြီး လုံလောက်တဲ့ အချိန်တခုထိအောင် အစပျိုးမယ် ဆိုရင်တော့ လိင်ဆက်ဆံမှုမှာ ပိုမို လွယ်ကူသလို တဖက်က မိမိ ချစ်သူကိုလည်း စိတ်ကျေနပ်မှု ပိုမို ပြည့်ဝအောင် ပေးနိုင်ပြီး အိမ်ထောင်ရေး သုခ ပိုမို ပြည့်ဝစေနိုင်တယ် လို့ ဆိုထားတာပဲ ဖြစ်ပါတယ်။
ဒီတော့ အိမ်ထောင်သည်တိုင်း လိုလို အစပျိုးရမယ် ဆိုတာ သိထားပြီး ဖြစ်ပေမယ့် အလွယ်တကူ အစပျိုးမှုကို ကျော်ဖြတ်သွား တတ်တာကြောင့် အိမ်ထောင်ရေး သုခ မပြည့်ဝမှုတွေ ရှိနေတတ်တယ် လို့ လေ့လာချက်က ဆိုတာပါ။ မိမိ အိမ်ထောင်ဖက်ကို အချိန်ပေးပါ။
လေ့လာသူတွေရဲ့ အဆိုအရတော့ အစပျိုးခြင်းဟာ စိတ်ခံစားမှုကို မြင့်တက်စေတယ်၊ ပွင့်ထွက်လာစေတယ်၊ ကျေနပ်မှု အပြည့်အ၀ ရရှိစေပြီး အိမ်ထောင်ရေး အဆင်ပြေစေတယ် လို့ ဆိုပါတယ်။ အထူးသဖြင့်တော့ အမျိုးသမီးတွေဟာ အစပျိုးချိန် ပိုမို အလိုရှိတယ် လို့လည်း ဆိုပါတယ်။ အမျိုးသား အများစု ထင်မြင် ယူဆလေ့ရှိတာက အမျိုးသမီးတွေ အနေနဲ့ လိင်ဆက်ဆံမှု အချိန်ကြာကြာ ပိုမို လိုလားတယ် လို့ ဖြစ်ပေမယ့် အမှန်တော့ လိင်ထိတွေ့ ဆက်ဆံမှုဆိုတာထက် အစပျိုးချိန် ပေးမယ် ဆိုရင် လိင်ဆက်ဆံချိန် ဒီလောက် မလိုအပ်ပဲ ပြည့်၀ ကျေနပ်မှုကို ရနိုင်မှာလည်း ဖြစ်ပါတယ်။
ရှေ့ပိုင်း လေ့လာချက် တခုမှာလည်း အမျိုးသမီးတွေ အနေနဲ့ ပျမ်းမျှ လိင်ဆက်ဆံလိုမှု ကြာချိန် မိနစ် ၂၅ ဝန်းကျင်ပဲ ရှိတယ် လို့ သိရတာကြောင့် လိင်ဆက်ဆံမှု အချိန်များများ ပေးဖို့ မလိုအပ်ပါ။ အိမ်ထောင်ရေး သုခ ပြည့်ဝပြီး အဆင်ပြေဖို့ အစပျိုးချိန် လေး ပိုပေးမယ် ဆိုရင် ရာနှုန်းပြည့် အဆင်ပြေဖို့ ရှိနေပါပြီ။
သင့် အနေနဲ့ အိမ်ထောင်သည် တယောက် ဖြစ်မယ် ဆိုရင် မိမိ ခင်ပွန်း၊ ဇနီးသည်နဲ့ အိမ်ထောင်ရေး သုခ ပြည့်ဝဖို့ အစပျိုးချိန် လုံလောက်ပါစေ။ အစပျိုးချိန်ကို မေ့မထားပါနဲ့။ တချို့တော့ အိမ်ထောင်သည်တွေမှာ အခု အဆင့်ကို အရေးမထား တာတွေ ရှိတယ်လို့ ဆိုပါတယ်။ ဒီ အစပျိုးချိန်ဟာ နှစ်ဦးနှစ်ဖက် အတွက် အရေးကြီးတဲ့ အချက် ဖြစ်တာကြောင့် အိမ်ထောင်သည်တို့ မေ့မထားသင့်တဲ့ အချက်တချက်ပါ။
Ref: www.maxim.com