Health

ကင်ဆာ ဖြစ်စေတဲ့ အသုံးအဆောင်နဲ့ အစားအသောက်တွေ

Want create site? Find Free WordPress Themes and plugins.

သင့် ပတ်ဝန်းကျင်က အစားအသောက်နဲ့ အသုံးအဆောင်တွေက ကင်ဆာဖြစ်စေဖို့ အားပေးနေတာ ရှိပါတယ်။ ဝန်းကျင် လေထုထဲမှာ ပါနေတဲ့ ဓာတုဓာတ်ငွေ့တွေ၊ အမှုန်အမွှားတွေ အပါအဝင် သင် နေ့စဉ် စားသောက်နေရတဲ့ ရေနှင့် အစားအသောက် အထိပါပဲ။

အခုဆိုရင် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားမှာ ကော်ဖီသောက်သုံးမှုက ကင်ဆာ အားပေးတယ် ဆိုတဲ့ သတိပေးချက်နဲ့ ရောင်းချ သောက်သုံးနေကြပါပြီ လို့ သိရပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ရဲ့ လက်အောက်ခံ ကင်ဆာရောဂါ ဆိုင်ရာ လေ့လာရေး အဖွဲ့ကလည်း ရေရှည်စွဲမြဲ အသုံးပြုတဲ့ အရာတွေဟာ ကင်ဆာ ဖြစ်စေနိုင်တယ် လို့ ဆိုလာပါပြီ။ ဆိုလိုတာကတော့ ကော်ဖီစွဲသောက်သလား၊ အရက်စွဲသောက်သလား၊ ဘာပဲ ဖြစ်ဖြစ် အမြဲ စားမယ် သောက်မယ် ဆိုရင် ကင်ဆာ အားပေးတယ် လို့ ဆိုတာပါ။

ကင်ဆာဆိုတာ မျိုးဗီဇဆဲလ် DNA ကို ပျက်စီးစေတာပါ။ ပုံမှန် ဆိုရင် ဆဲလ်တွေက ကြီးထွားတယ်၊ နောက်တော့ ကွဲထွက်တယ် ပေါ့။ ဒါပေမယ့် အဆိပ်အတောက်ဆန်ဆန် ဓာတ်သဘောတွေ ကိုယ်တွင်းကို ဝင်ရောက်လာရင်တော့ ဆဲလ်တွေက ပုံမှန် အတိုင်း မကြီးထွားနိုင်တော့သလို ဆဲလ်တွေလည်း သေစေတယ်၊ ဆဲလ်သေတွေလည်း ပျံ့နှံ့မှု မြန်ဆန် ကြီးမားလာပါတော့တယ်။ တချို့ ကင်ဆာတွေက ထိန်းချုပ်လို့ မရပါဘူး။ ဆိုလိုတာက မဖြစ်အောင် ကာကွယ်တဲ့ သဘောပေါ့။ ဒီလို ကာကွယ်လို့ မရတဲ့ သဘောက မျိုးရိုးလိုက်ခြင်းကြောင့် လို့ ဆိုပါတယ်။

အခု ပြောပြမှာက သင့် အနီးပတ်ဝန်းကျင်က ကင်ဆာဖြစ်စေမှုကို အားပေးနေတဲ့ အရာတွေက ဘာတွေပါလဲ။ ရှောင်မယ် ဆိုရင် ရှောင်ကြဖို့ လေ့လာတင်ပြလိုက်ပါတယ်။

(၁) ပဋိသန္ဓေတားဆေးများ – ပဋိသန္ဓေတားဆေးတွေက အမျိုးသမီးတွေမှာ ရင်သားကင်ဆာ၊ လည်ပင်းနဲ့ ပတ်သတ်တဲ့ ကင်ဆာတွေ ဖြစ်ဖို့ ပိုပြီး အားပေးပါတယ်။ အမျိုးသမီး လိင်အင်္ဂါဆိုင်ရာ သားအိမ်ကင်ဆာလို ကိုယ်တွင်းပိုင်း ကင်ဆာတွေ ဖြစ်ဖို့လည်း အားပေးပါတယ်။

(၂) သကြား – သကြားစားတာ များခြင်းက ဆီးချို သွေးချိုအပြင် ဆဲလ်ပျက်စီးမှုကို အဓိက အားပေးပြီး ကင်ဆာဖြစ်ဖို့ တွန်းအား ပေးသလို ဖြစ်စေတယ် လို့ သိလာရပါပြီ။ ကင်ဆာဟာ သကြားဓာတ်ကို နှစ်သက်ပြီး ကင်ဆာဆဲလ် ပျံ့ဖို့ အကူအညီ ပေးသလိုတောင် ဖြစ်စေပါတယ် လို့ ဘယ်လ်ဂျီယမ် ဆဲလ်သုတေသန ပညာရှင် ဂျိုဟန်သီဗီလီယန် (Johan Thevelein) က ပြောပါတယ်။

(၃) ပလတ်စတစ် အချို့ – BPA လို့ ဆိုတဲ့ Estrogen အမျိုးအစား တခုက ၁၉၆၀ လောက်ကတည်းက ပလတ်စတစ် သားတွေထဲမှာ ထည့်သွင်း ထုတ်လုပ်လာတာပါ။ အမျိုးသမီး ဓမ္မတာနဲ့ ပတ်သက်တဲ့ ဟော်မုန်းတမျိုး ဖြစ်ပြီး၊ ဒီဟော်မုန်းက ကိုယ်တွင်းကို ဝင်ရောက်သွားတဲ့ အခါ စားသုံးသူရဲ့ နဂိုမူလ ဟော်မုန်းဓာတ် ဟန်ချက်ညီမှု ပျက်ပြားစေပြီး ကင်ဆာ ဖြစ်ပွားမှုကို အားပေးပါတယ်။ အစာကို ကြာကြာအထားခံနိုင်အောင်လို့ BPA ကို စည်သွပ်ဘူး၊ ရေသန့်ဘူးနဲ့ အစားအစာ ထည့်သွင်း သယ်ဆောင်တဲ့ ထည့်စရာ (ကွန်တိန်နာ) တွေထဲမှာ ထည့်သွင်းလေ့ရှိပါတယ်။

ဒါပေမယ့် ရင်သားကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာတွေကို အားပေးရာ ရောက်လို့ အခု နောက်ပိုင်း ပလတ်စတစ် ထုတ်လုပ်သူတွေက BPA Free ဆိုတဲ့ စာတန်းနဲ့ BPA မပါတဲ့ ပလက်စတစ်တွေ ထုတ်လုပ်ရောင်းချလာပါတယ်။

(၄) အထားခံသော အစာများ – ရက်လွန်ရက် ကြာကြာပေးထားတဲ့ အစာတွေကို ဆိုလိုပါတယ်။ အများစုကတော့ ပလက်စတစ်နဲ့ သေချာအောင် လေလုံအောင် ထုပ်ထားတဲ့ အစာတွေပါ။ လနဲ့ ချီပြီး အထားခံတတ်တဲ့ အစားအစာမျိုးပါ။ ပြင်သစ်က ပညာရှင်တွေကတော့ အထားခံ အစာ စားသုံးမှုနဲ့ ကင်ဆာ ဖြစ်ပွားမှု အကြား ဆက်စပ်မှု မရှိဘူးလို့ ဆိုပေမယ့် သေချာတာကတော့ လတ်ဆတ်မှုလည်း နည်းလို့ မကောင်းနိုင်ပါဘူး။

(၅) ဆေးလိပ် (စီးကရက်) – စီးကရက်ထဲမှာ ကင်ဆာ ဖြစ်စေတဲ့ ဓာတုဓာတ် ၇၀ ရာခိုင်နှုန်းလောက် ပါတယ် ဆိုတာကို ဆေးလိပ် ထုတ်လုပ်သူတွေက ဖုံးကွယ်ထားကြပါတယ်။ ဒါပေမယ့် ဆေးလိပ်သောက်သုံးခြင်းက ကင်ဆာကို အားပေးနေ ပါတယ်။ ရောဂါကာကွယ်ရေး ထိန်းချုပ်ရေး ဌာနကတော့ ဆေးလိပ် ကိုယ်တိုင် သောက်သုံးခြင်း မဟုတ်ပဲ ဘေးက ဆေးလိပ်ငွေ့ ရှုမိသူတွေတောင်မှ အဆုတ်ကင်ဆာ ဖြစ်ဖို့ ၂၀-၃၀ ရာခိုင်နှုန်းလောက် ပိုအခွင့်အလမ်း များစေတယ် လို့ ဆိုပါတယ်။ ဆေးရွက်ကြီး စားသုံးသူတွေ၊ ပြည်တွင်းမှာဆိုရင် ကွမ်းစားသူတွေလည်း ကင်ဆာ ဖြစ်ဖို့ အားပေးတယ် လို့ သိရပါတယ်။

(၆) အကင် – အသားတွေထဲမှာ Heterocyclic Amines (HCAs) နဲ့ Polycyclic Aromatic Hydrocarbons (PAHs) စတဲ့ ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။ အမဲသား၊ ဝက်သားနဲ့ ငါးတွေကို ကင်တဲ့ ဒီဓာတ်တွေ အရည်တွေ အဆီတွေက မီးခဲ မီးတောက်ထဲ စီးကျသွားပြီး အပူချိန်နဲ့ ဓာတ်ပြုကာ မီးခိုး မီးတောက် အဖြစ်နဲ့ အဆိပ်အတောက်ပုံစံ ပြောင်းလဲ သွားပါတယ်။ အဲဒီ အဆိပ်အတောက်တွေက ကင်ထားတဲ့ အသားထဲပြန်ဝင်သွားပြီး၊ အဲဒါကို စားသုံးမိတဲ့ အခါ ကင်ဆာ ဖြစ်စေတာပါပဲ။

(၇) အရက် – အရက်သောက်များသူတွေက လည်မျိုကင်ဆာ၊ အသည်းကင်ဆာ၊ ရင်သားကင်ဆာနဲ့ အူမကြီး ကင်ဆာတွေ ဖြစ်နိုင်ခေ များပါတယ်။ ကင်ဆာသိပ္ပံဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ အရက်သောက်တာ များလေလေ ကင်ဆာ ဖြစ်နိုင်ခြေ များလေလေ လို့ ဆိုပါတယ်။

(၈) ဆားနယ်စာ – ပြည်တွင်းမှာ အသား ငါးတွေကို ငါးဆားနယ် စားသုံးတာ များပါတယ်။ ဒါက ဥပမာ ပြောတာပါ။ အသား၊ ငါးကို အထားခံအောင် ဆားနယ်ထားလေ့ ရှိပါတယ်။ ဒီလို ဆားနယ်စာတွေ အစားများခြင်းကလည်း ကင်ဆာကို အားပေးပါတယ်။ အထူးသဖြင့်တော့ ဦးခေါင်းနဲ့ လည်ပင်းပိုင်းဆိုင်ရာ ကင်ဆာတွေကို အားပေးရာ ရောက်ပါတယ်။ အင်္ဂလန်က ကင်ဆာလေ့လာရေး အဖွဲ့ကတော့ ဆားနယ်စာ အစားများတဲ့ တရုတ်တွေဟာ တခြား လူမျိုးတွေထက် တောင်မှ လည်မျိုဆိုင်ရာကင်ဆာ အဖြစ်များတယ် လို့ ပြောပါတယ်။

(၉) အလွယ်စာများ – ဝက်ပေါင်ခြောက်၊ ဆားနယ်၊ ဝက်အူချောင်းလို အစာတွေပါ။ WHO လို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ကိုယ်တိုင်က ဒီလို အလွယ်စာတွေက ကင်ဆာ ဖြစ်စေနိုင်တယ် လို့ ထုတ်ပြန်ထားပါတယ်။ အထားခံအောင်လည်း ဖန်တီးထားတယ်၊ ပြီးရင် အလွယ်စားတယ်၊ ကင်စားတယ်၊ ဒီလို အကြောင်းတွေကြောင့် ကင်ဆာ ဖြစ်စေဖို့ အားပေးစေတယ် လို့ ဆိုပါတယ်။ အထူးသဖြင့်တော့ ကိုယ်တွင်းပိုင်း ကင်ဆာ ဖြစ်နိုင်ခြေ ပိုစေတာပါ။

(၁၀) အက်ခရီလာမိုက် (Acrylamide) စားသုံးမိခြင်း – အကင်စားသုံးခြင်းနဲ့ ဆင်ပါတယ်။ အစာတွေကို မီးပြင်းပြင်း၊ အချိန်ကြာကြာ ချက်လိုက်၊ ကင်လိုက်ရင် အက်ရီလာမိုက်ဓာတ် ထွက်လာတတ်ပါတယ်။ ပေါင်မုန့်၊ ကော်ဖီစေ့၊ ဖုတ်တဲ့ မုန့်တွေလိုမျိုးမှာ တွေ့ရပါတယ်။ ဒီဓာတ်က အထက်မှာ ပြောခဲ့တဲ့ အစာတွေလောက် ကင်ဆာ အားမပေးပေမယ့် ကင်ဆာ ဖြစ်ဖို့ အားပေးတဲ့ ဓာတ်တခုပါပဲ။ မုန့်တွေမှာ ဖုတ်ထားတာ များ၊ မများ မုန့်ကို ကြည့်ပြီး သိနိုင်ပါတယ်။ တူးနေတယ် ထင်ရင် မစားတာ အကောင်းဆုံးပါ။ ကော်ဖီမှာတော့ ကိုယ်တိုင်ကော်ဖီစေ့ လှော်တာ မဟုတ်လို့ မသိနိုင်တာကြောင့် နေ့စဉ် ကော်ဖီ များများ သောက်တဲ့ အကျင့် မလုပ်တာ အကောင်းဆုံးပါ။

(၁၁) ဓာတ်ရောင်ခြည် ဆေးကုတင် အသုံးပြုခြင်း – ပြည်တွင်းမှာတော့ ခေတ်မစားသေးတဲ့ အသုံးတခုပါ။ အရေပြား ကင်ဆာ ဖောင်ဒေးရှင်းရဲ့ ထုတ်ပြန်ချက် အရ ၃၅ နှစ်နဲ့ အထက် အရွယ်တွေမှာ ဒီလို ဆေးကုတင်တွင်း အိပ်စက်မှုတွေက ကင်ဆာ ဖြစ်နိုင်ခြေကို ၇၅ ရာခိုင်နှုန်းထိ မြင့်တက်စေတယ် လို့ ဆိုပါတယ်။ ဒီလိုပဲ ပြင်ပ နေရောင်ခြည်ကလည်း ကင်ဆာကို အားပေးပါတယ်။ တကယ်လို့ ၁၅ မိနစ်နဲ့ အထက် နေရောင်ထဲမှာ နေရမယ် ဆိုရင်တော့ အဝတ်အစား သေချာ လုံခြုံအောင် ဝတ်ဆင်ပါ၊ နေလောင်ခံဆီ လိမ်းပါ၊ အမိုးအကာနဲ့ နေပါ၊ ဦးထုပ်၊ ထီးဆောင်းပါ။

Ref: www.businessinsider.com

Did you find apk for android? You can find new Free Android Games and apps.
Loading