ဆေးလိပ် ဖြတ်ချင်သူတွေ၊ ဆေးရွက်ကြီးနဲ့ ဖန်တီးတဲ့ ဆေးလိပ် မသောက်ချင်သူတွေ အတွက် အီးစီးကရက် (E-cigarrete) လို့ ဆိုတဲ့ လျှ့ပ်စစ် စီးကရက်က အဆင်ပြေတယ် လို့ ဆိုနိုင်ပေမယ့် သူ့မှာလည်း ကျန်းမာရေးကို ထိခိုက်စေမှု အနည်းနဲ့ အများတော့ ရှိတာပါပဲ။ ဒီတော့ အီးစီးကရက်ကိုလည်း ရှောင်နိုင်မယ် ဆိုရင် ပိုကောင်းမှာပါ။
အီးစီးကရက် ဆိုတာ ဘာလဲ – အီးစီးကရက်ကို Vaporizer လို့လည်း လူသိများပါတယ်။ ဘက်ထရီ အားကို သုံးပြီး နီကိုတင်း၊ အမွှေးရနံ့နဲ့ ပါဝင် ဆေးအရည်တွေကို အငွေ့ဖြစ်စေတယ်၊ ဆေးလိပ်မီးခိုးလို လူကို ရှုရှိုက်စေမယ့် အငွေ့ရစေတယ် ပေါ့။ ၂၀၀၀ ပြည့်နှစ် ဝန်းကျင်က ဈေးကွက် စဝင် လာတာပါ။ သူက ကျန်းမာရေးကို ဘယ်လို ထိခိုက်မှု ရှိစေနိုင်ပါသလဲ။
နှလုံးကို ပုံမှန် အလုပ် မလုပ်စေဘူး – အီးစီးကရက်မှာ ဆေးရွက်ကြီး မပါဘူး ဆိုပေမယ့် နီကိုတင်းကတော့ ပါနေဆဲပါ။ ဒီတော့ ပုံမှန် ဆေးလိပ် သောက်သူတွေလိုပဲ နီကိုတင်းကြောင့် ဖြစ်တဲ့ နှလုံးနဲ့ ပတ်သတ်တဲ့ ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ Wisconsin တက္ကသိုလ်က ဆေးရွက်ကြီးဆိုင်ရာ လေ့လာရေးနဲ့ စမ်းသပ်ရေး ဌာနက မိုက်ကယ်ဖီယိုရေး (Michael Fiore) က နီကိုတင်းကြောင့် နှလုံးခုန် မြန်စေတယ်၊ သွေးတိုးလို ရောဂါတွေကို ဖြစ်စေဖို့လည်း အားပေးတယ်၊ နှလုံးကို ပုံမှန် အလုပ် လုပ်စေနိုင်မှု နည်းစေတယ် လို့ ဆိုပါတယ်။ နီကိုတင်းဟာ နှလုံးရဲ့ ဆဲလ်တွေကိုလည်း ပျက်စီးစေတာ တွေ့ရသလို နှလုံးရောဂါ ဖြစ်စေဖို့ အားပေးတာ တွေ့လာရတာလည်း ဖြစ်ပါတယ်။
မျက်လုံးရော အသက်ရှုလမ်းကြောင်းကိုပါ အားနည်းစေတယ် – ကယ်လီဖိုးနီးယား တက္ကသိုလ်က ၂၀၁၄ အတွင်း လေ့လာချက် တခု အရ ဆေးလိပ်မီးခိုးဟာ ကင်ဆာ ဖြစ်စေမှု အားပေးခြင်း အပြင် မျက်လုံးကိုရော အသက်ရှု လမ်းကြောင်းကိုပါ အားနည်းစေတာ တွေ့လာရတယ် လို့ ဆိုပါတယ်။ အထူးသဖြင့်တော့ ဗဟို အာရုံကြောစနစ်ကို အားနည်းစေပြီး သရက်ရွက်ကိုလည်း ထိခိုက်မှု ရှိစေတယ် လို့ဆိုပါတယ်။ အီးစီးကရက်တွေဟာ အစပိုင်းမှာလည်း ခေါင်းကိုက်တာတွေ၊ အော့အန်တာတွေ၊ မူးဝေတာတွေ ဖြစ်စေနိုင်တယ် လို့ ဆိုပါသေးတယ်။
အီးစီးကရက်ကလည်း စွဲလမ်းမှုကို ဖြစ်စေတယ် – ဆေးလိပ် ဖြတ်ချင်သူတွေ အနေနဲ့ အစားထိုး သောက်ဖို့ အီးစီးကရက်ကို ဖန်တီးထားတာ ဖြစ်ပေမယ့် အီးစီးကရက်ကလည်း စွဲလမ်းမှု ရှိစေတယ် လို့ ဆိုပါတယ်။ ဦးနှောက် အတွင်း စွဲလမ်းမှု ဟော်မုန်း Dopamine ကို အီးစီးကရက်ကလည်း ထုတ်လွှတ်စေပြီး စွဲလမ်းလာ စေတာပါ။ ဆေးလိပ်နဲ့ အတူတူပဲ အဆိုပါ ဟော်မုန်း ထုတ်လုပ်မှု တူညီပြီး စွဲလမ်းမှု ဖြစ်စေတာ ဖြစ်ပါတယ်။
အီးစီးကရက်က အဆိပ်သင့်မှုလည်း ဖြစ်စေနိုင်တယ် – မူးယစ်ဆေးတွေလိုပဲ နီကိုတင်းဓာတ် သောက်သုံးမှု များရင် အဆိပ်သင့် စေနိုင်ပါတယ်။ အီးစီးကရက်ထဲက နီကိုတင်းပါရှိ အရည်ကို သောက်မိရင်၊ အီးစီးကရက်သောက်တာ များရင် အဆိပ်ဖြစ်စေနိုင်တာပါ။ အထူးသဖြင့် ကလေးတွေ အနားမှာ အီးစီးကရက်ကိုရော သူ့အတွက် ထည့်သွင်း အသုံးပြုရတဲ့ ဆေးရည်ကိုပါ အလွယ်တကူ မထားဖို့ လိုအပ်ပြီး မသိနားမလည်တဲ့ ကလေးအနေနဲ့ သောက်မိရင် အဆိပ်သင့်စေမှာပါ။ အသက် ဆုံးရှုံးသည် အထိ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
အီးစီးကရက်ဟာ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေတယ် – အထူးသဖြင့်တော့ ဆယ်ကျော်သက် အရွယ် ဦးနှောက် ဖွံ့ဖြိုးမှု အားကောင်း၊ အားယူနေချိန်မှာ အီးစီးကရက် သောက်သုံးမယ် ဆိုရင် ဖွံ့ဖြိုးမှု အားနည်းစေပါလိမ့်မယ်။ အနောက်နိုင်ငံတွေ မှာတော့ ၂၀၁၄ ခုနှစ်က စာရင်းတွေ အရ ဆယ်ကျော်သက် တက္ကသိုလ် ကျောင်းသား ၁၃ ရာခိုင်နှုန်းက အီးစီးကရက် သောက်တယ် လို့ ဝန်ခံထားပါတယ်။ သူတို့ကို လေ့လာချက် အရ ဦးနှောက်ဖွံ့ဖြိုးမှု အားနည်းတာ တွေ့လာရတာလည်း ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် အတွင်းက လေ့လာချက် တခု အရလည်း နီကိုတင်း ရှုသွင်းမှုက မှတ်ဉာဏ် အလုပ် လုပ်မှုနဲ့ အာရုံစူးစိုက်နိုင်မှုကို အားနည်းစေတယ် လို့ တွေ့ရှိထားပါတယ်။ စိတ်ဖိစီးမှုကို ပိုဖြစ်စေသလို စိတ်မတည်ငြိမ်မှုတွေ၊ စိတ်ဂနာမငြိမ်မှုတွေကို အားပေးတယ် လို့ သိရပါတယ်။
အီးစီးကရက်ကလည်း ကင်ဆာ ဖြစ်စေနိုင်တာပဲ – ပုံမှန် ဆေးလိပ်မှာလို Tar တွေ Ammonia တွေမပါတာက လွဲရင် အီးစီးကရက် မှာလည်း Formaldehyde များစွာ ပါဝင်နေပြီး သူကလည်း ကင်ဆာကို အားပေးတာတွေ့ရတယ် လို့ ၂၀၁၅ ခုနှစ် အတွင်း ပို့ဒ်တလန်းဒ်ပြည်နယ် တက္ကသိုလ်ရဲ့ လေ့လာချက် အရ သိထားရပါတယ်။
အီးစီးကရက်ရဲ့ ဘက်ထရီဟာ ပေါက်ကွဲနိုင်တယ် – အီးစီးကရက်မှာ အသေးစား Lithium-ion ဘက်ထရီ ထည့်ထား ပါတယ်။ ဖုန်းတွေ လက်ပတော့တွေထဲ ဘက်ထရီစနစ် အသေးစားပေါ့။ ဒီဘက်ရီကို ဆေးလိပ်ထဲမှာ အပူများများ သောက်မိတာတွေ၊ အားအချိန်ကြာ သွင်းမိတာတွေကြောင့် ပေါက်ကွဲစေနိုင်တယ် လို့ ဆိုပါတယ်။ ၂၀၀၉ နဲ့ ၂၀၁၄ အတွင်း အမေရိကန် မီးသတ်ရဲ့ စာရင်းတွေ အရ အီးစီးကရက် ပေါက်ကွဲမှု ၂၅ မှု ဖြစ်ခဲ့တာ တွေ့နိုင်ပါတယ်။ အီးစီးကရက် ထုတ်လုပ်သူရဲ့ လမ်းညွှန်ချက် အတိုင်း အားသွင်းဖို့၊ စနစ်တကျ သုံးဖို့ သင့်တယ် လို့ သတိပေးထားတာလည်း တွေ့ရပါတယ်။
ဆေးလိပ်ဖြတ်ဖို့ အီးစီးကရက်ပါ မသုံးဘဲ ဖြတ်တာ ပိုကောင်းတယ် – အများစုသော ဆေးလိပ် သောက်သူတွေက ဆေးလိပ်ဖြတ်ဖို့ အီးစီးကရက်ကို အစားထိုး အဖြစ် သုံးဖို့ သင့်တယ် လို့ ယူဆ လက်ခံကြပါတယ်။ အဓိက အနေနဲ့တော့ အီးစီးကရက်မှာ ဆေးရွက်ကြီး မပါလို့ပါ။ တကယ်လည်း ဆေးလိပ် သောက်တာထက်တော့ အီးစီးကရက်က ကျန်းမာရေး အတွက် မဆိုးစေ ပေမယ့် အချိန်ကြာ သောက်မယ် ဆိုရင်တော့ ဆိုးကျိုးတွေ ရှိလာနိုင်မှာ လို့ သတိပေးထားပါတယ်။ ။
Ref: www.rd.com