ကျန်းမာရေး ရှုထောင့်က ကြည့်ရင် လူတယောက်အတွက် အိပ်စက်ချိန် ပြည့်ပြည့်၀၀ ရဖို့က အရေးကြီးပါတယ်။ အရင်ကတော့ အိပ်ချိန် နည်းနည်းနဲ့ အလုပ်ချိန်များများ ကြိုးစားမယ် ဆိုရင် အောင်မြင်မှု ပိုရမယ် လို့ပဲ ထင်ခဲ့ပေမယ့် အခုတော့ အရွယ်ရောက် လူတယောက် အတွက် အနည်းဆုံး ၇ နာရီ အိပ်စက်ဖို့ လိုတာ ဆိုတာ ပညာရှင်တွေ အကြံပြုလာပါပြီ။ အသက်ကြီးသူတွေ အတွက်တော့ အဲဒီ ၇ နာရီထက် နည်းနည်းလျော့တဲ့ အိပ်စက်ချိန် ရှိကောင်း ရှိနိုင်တယ် လို့လည်း ဆိုပါတယ်။
၂၀၁၇ ခုနှစ် အောက်တိုဘာ အတွင်းက အာရုံကြော ပညာရှင် မက်သယူးဝေါ့လ်ကာ (Matthew Walker) ရဲ့ Why We Sleep (ကျနော်တို့ ဘာကြောင့် အိပ်စက်တာလဲ) ဆိုတဲ့ စာအုပ် ထွက်ရှိခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာ လူတွေ ဘာကြောင့် အိပ်စက်ကြတယ် ဆိုတာ အပြင် အိပ်စက်ခြင်းက လူတယောက် အတွက် အရေးပါတဲ့ အချက်တွေ၊ လိုအပ်ချက်တွေကို ထည့်သွင်း ရေးသားထားပါတယ်။ ပြီးတော့ ဘယ်လို အိပ်ရေးဝအောင် အိပ်သင့်တယ် ဆိုတဲ့ နည်းလမ်းတွေ ရောပေါ့။
ဒီစာအုပ်နဲ့ ပတ်သတ်ပြီး BI သတင်းဌာနရဲ့ မေးမြန်းချက်မှာလည်း စာအုပ်တအုပ်လုံးရဲ့ ဆိုလိုရင်း အဓိပ္ပာယ်ကို ခြုံပြောပါ ဆိုတော့ သင့် အိပ်ချိန်နည်းရင်၊ သင် အသက်တိုမယ် လို့ သူက ပြန်ဖြေတာ တွေ့ရပါတယ်။
သူ့ရဲ့ ခန့်မှန်းချက် အရ လက်ရှိ ကမ္ဘာမှာ အရွယ်ရောက်ပြီးသူ အားလုံးရဲ့ ၃ ပုံ ၂ ပုံဟာ အိပ်ရေး ဝအောင် မအိပ်ရဘူး လို့ ဆိုပါတယ်။ WHO နဲ့ စာရေးသူ ဝေါ်ကာတို့ကလည်း ဖြစ်နိုင်ရင် ညပိုင်း အိပ်စက်ချိန် တရက် ၈ နာရီ ရှိသင့်တယ် လို့ ဆိုထားတာကြောင့် တကယ်တမ်း လက်ခံစရာပါ။
ဝေါ်ကာက ဆက်ပြီးတော့ တရက်ကို ၆ နာရီကနေ ၇ နာရီပဲ အိပ်ရသူတွေ အနေနဲ့ ရေရှည်မှာ ကျန်းမာရေး ထိခိုက် လာလိမ့်မယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အိပ်ချိန် ၈ နာရီ ရအောင် အိပ်သင့်တယ် လို့ သူက ဆက်ပြောပါတယ်။ ဒါကလည်း ချက်ချင်း အိပ်မပျော်တာတွေ၊ လန့်နိုးတာတွေ၊ စသဖြင့် အချိန်ပို တွက်ပြီး အိပ်ယာထဲမှာ ၈ နာရီတော့ နေစေချင်တာ လို့ သူက ပြောပါတယ်။
ဒီလို အိပ်ရေးဝအောင် အိပ်ခြင်းက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်း ဆိုင်ရာ ကြည်လင် လန်းဆန်းစေတယ်။ ကျန်းမာရေးနဲ့ ကိုက်ညီစေတယ် လို့ ဆိုပါသေးတယ်။ တကယ်လု့ိ အိပ်ရေး မဝရင် ဘာတွေ ဖြစ်လာနိုင် ပါသလဲ။ ဝေါ်ကာက အဓိက အချက် ၃ ချက်ကို ထောက်ပြပါတယ်။
ပထမ တချက်က ကိုယ်ခန္ဓာရဲ့ လှုံ့ဆော်စနစ်ကို အားနည်းစေတယ် လို့ ဆိုပါတယ်။ လှုံ့ဆော်စနစ်ဆိုတာ ပူရင် ပူတယ်၊ အေးရင် အေးတယ် ဆိုတာကို ခံစားမှုကနေ ဖျားနာရင် အဆိုပါ ဖျားနာမှုကို တန်ပြန်မယ့် ဓာတ်တွေ ထုတ်ပေးတဲ့ စနစ်ထိ ပါဝင်ပါတယ်။ အိပ်ရေး မဝရင်တော့ ဒီလို လှုံ့ဆော်စနစ်က ကောင်းကောင်း အလုပ် မလုပ်တောဘဲ နေမကောင်း ဖြစ်ခဲ့ရင် လွယ်လွယ်နဲ့ မပျောက်ချင်တော့ တာတွေ ဖြစ်လာနိုင်တယ် လို့ ဆိုပါတယ်။
တရက်ကို ၄ နာရီကနေ ၅ နာရီလောက်ပဲ အိပ်စက်သူတွေ ဆိုရင် ပုံမှန် အိပ်ရေးဝအောင် အိပ်သူတွေထက် ရာခိုင်နှုန်း ၇၀ လောက်ထိ အသက် ပိုတိုစေနိုင်ပါတယ်၊ ကျန်းမာရေး အားနည်းစေနိုင်ပါတယ် လို့ ဝေါ်ကာက ပြောပါတယ်။ ပြီးတော့ ဦးနှောက် အမြှေးရောင် ရောဂါလို ဦးနှောက်နဲ့ အာရုံကြော ဆိုင်ရာ ရောဂါတွေလည်း ခံစားရနိုင်ခြေ များပါတယ် တဲ့။
ဒုတိယ ထောက်ပြတဲ့ အချက်က အိပ်ချိန် ပြည့်ဝဖို့ပါ။ အိပ်ရေးဝအောင် အိပ်ဖို့တနာရီ လိုအပ်တာနဲ့ အမျှ ကားမောင်းနေစဉ် မတော်တဆမှု ဖြစ်နိုင်ခြေ ပုံမှန်ထက် ၁ ဆလောက် ပိုသွားပြီ လို့ သူက ဆက်ပြောပါတယ်။ ဒါက ကားမတော်တဆမှုနဲ့ ပတ်သတ်ပြီး ဥပမာ ထုတ်ပြောလိုက်တာ ဖြစ်ပေမယ့် အိပ်ရေးမဝရင် ကျန်းမာရေး ချို့တဲ့မှု အပြင် ရုပ်ပိုင်းဆိုင်ရာမှာလည်း လိုအပ်ချက် ဖြစ်လာပြီး မတော်တဆမှုတွေ၊ အားနည်းချက်တွေ ဖြစ်လာ၊ ခံစားလာရ နိုင်တယ် လို့ ဆိုပါတယ်။
အမေရိကန် အခြေစိုက် AAA အဖွဲ့ရဲ့ စစ်တမ်းတွေ အရလည်း နှစ်စဉ် အမေရိကန်မှာ အိပ်ရေးမဝဘဲ ကားမောင်းလို့ မတော်တဆ ဖြစ်ပွားမှု ၆၄၀၀ လောက် ရှိတယ် လု့ိ သိရပါတယ်။ ပြီးတော့ တရက်ကို ၆ နာရီ ဝန်းကျင်ပဲ အိပ်သူတွေက နှလုံးနဲ့ ပတ်သတ်တဲ့ ရောဂါ ဖြစ်နိုင်ဖို့ ရာခိုင်နှုန်း ၄၀၀ ကနေ ၅၀၀ လောက်ထိ ပိုတယ်လို့ ဆိုပါတယ်။
တတိယ ထောက်ပြတဲ့ အချက်ကတော့ အိပ်ရေးမဝခြင်းက ကင်ဆာကို အားပေးတယ် ဆိုတာပါပဲ။ အထူးသဖြင့် ကင်ဆာ ဖြစ်နေသူတွေမှာ အိပ်ရေးဝအောင် မအိပ်ရင် ကင်ဆာဆဲလ် ပျံ့နှံ့မှု ပိုမြန်ပါတယ် တဲ့။ အူမကြီးကင်ဆာ၊ ရင်သားကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာတွေ ဖြစ်ဖို့လည်း အားပေးသေးတယ် လို့ သိရပါတယ်။ ဒီတော့ အိပ်ယာထက်မှာ အိပ်ချိန်လေး ပြည့်အောင် ပေးလိုက်ခြင်းက ရုပ်ရော စိတ်ကိုပါ လန်းဆန်းစေတယ်၊ ကျန်းမာရေး ကောင်းမယ်၊ ကင်ဆာကိုလည်း ကာကွယ်ပြီး ဖြစ်စေနိုင်တယ် ပေါ့။
တခြား ကျန်းမာရေး ဆောင်းပါးတွေ အရ ဆိုရင်လည်း အိပ်ရေးဝအောင် အိပ်စက်ခြင်းက ရူးသွပ်ခြင်း အပါအဝင် ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါ ဖြစ်နိုင်ခြေတွေကို လျော့ကျစေတယ် လို့ တွေ့ရပါတယ်။ ပျင်းတယ် လို့ သတ်မှတ်ခံရအောင် အိပ်ဖို့ မလိုအပ်ပါ။ အိပ်ပါ၊ အလုပ် လုပ်ပါ၊ သွားလာ လည်ပတ်ပါ၊ ကျန်းမာရေး ကောင်းမွန်ဖို့ အိပ်စက်ပါ။ တရက် အိပ်ချိန် ၇ နာရီ ပြည့်အောင်၊ ဒါမှမဟုတ် အိပ်မပျော်တတ်ဘူး ဆိုရင်တောင် အိပ်ယာထဲမှာ တရက် ၈ နာရီ နေပေးဖို့ လိုတယ် လို့ သတိပေးထားပါတယ်။ ။
Ref: www.businessinsider.com