နေ့စဉ်နေထိုင် စားသောက်မှု အမူအကျင့်တချို့ဟာ အိုမင်းရင့်ရော်ခြင်း၊ နုပျိုခြင်းနဲ့ ဆက်စပ်နေပါတယ်။ အိုမင်း ရင့်ရော်မှုနှုန်းမြန်စေတဲ့ အကြောင်းအရာတွေများစွာထဲကမှ နေ့စဉ်ပြုလုပ်မိလေ့ရှိတဲ့ အလေ့အကျင့်အမှားတွေဟာ တစ်စိတ်တပိုင်းအနေနဲ့ ပါဝင်တာကြောင့် သတိပြုဆင်ခြင်နိုင်စေဖို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
(၁) လုံလောက်တဲ့ အိပ်စက်ချိန် မရှိခြင်းဟာ သင့်ကို အလျင်အမြန် အိုမင်းရင့်ရော်စေနိုင်တဲ့ အလေ့အကျင့်အမှား တခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သင်ဟာ ခေါင်းအုံးပေါ်မှာ မျက်နှာမှောက်ပြီး အိပ်တတ်သူဆိုရင်တော့ ရေရှည်မှာ မျက်နှာပေါ်မှာ အရေးအကြောင်းတွေ ပေါ်လာစေနိုင်တာကြောင့် မှောက်အိပ်တတ်တဲ့ အလေ့အကျင့်ကို ရှောင်ကြဉ်သင့်ပါတယ်။
(၂) မနက်အိပ်ရာ ထထချင်း ကော်ဖီသောက်တတ်တဲ့ အလေ့အကျင့်မျိုး သင့်မှာရှိနေပြီဆိုရင်တော့ ဒါကို စွန့်လွှတ် သင့်နေပါပြီ။ ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်ဟာ ခန္ဓာကိုယ်မှာ ရေဓာတ် ခမ်းခြောက်စေနိုင်တဲ့အပြင် နုပျိုခြင်းကို အနှောင့်အယှက် ပေးစေနိုင်တာကြောင့် မနက်ခင်းမှာ ကော်ဖီသောက်သုံးခြင်းထက် လတ်ဆတ်တဲ့ အသီးဖျော်ရည်တွေနဲ့ Green Tea တို့ကို ရွေးချယ်သောက်သုံးသင့်ပါတယ်။
(၃) အဆာပြေ စားသုံးတဲ့ အစားအစာတွေထဲမှာ အချိုဓာတ် ပါဝင်မှုနှုန်းမြင့်တဲ့ အစားအစာတွေဟာ သင့်ကို အရွယ် မတိုင်ခင် အိုမင်းရင့်ရော်စေနိုင်ပါတယ်။ အချိုဓာတ်များတဲ့ အစားအစာတွေကို မကြာခဏ စားသုံးတတ်တဲ့ အလေ့အကျင့်ကြောင့် အသားအရေပေါ်မှာ အရေးအကြောင်းတွေကို အလျင်အမြန် ဖြစ်ပေါ်လာစေနိုင်ပါတယ်။
(၄) သင်ဟာ နေ့စဉ် နေပူထဲမှာ သွားလာ လှုပ်ရှားနေရသူဆိုရင်တော့ Sunscreen ကို မဖြစ်မနေ ပုံမှန် အသုံးပြုပေး သင့်ပါတယ်။ ပြင်းထန်လှတဲ့ နေရောင်ခြည်ဒဏ်ဟာ သင့်ကို အိုမင်းရင့်ရော်မှုနှုန်း မြန်စေတာကြောင့် Sunscreen မလိမ်းတဲ့ အလေ့အကျင့်ကို စွန့်လွှတ်သင့်ပါတယ်။
(၅) သင်ဟာ ဆေးလိပ်သောက်တတ်သူ တယောက်ဆိုရင်တော့ ဒါဟာ အိုမင်းရင့်ရော်မှုကို ငွေပေးပြီးဝယ်သလို ဖြစ်နေပါပြီ။ ဆေးလိပ်သောက်တာဟာ နှုတ်ခမ်းတွေကို ညိုမည်းစေတဲ့အပြင် ပါးရေတွန့်ခြင်းကိုပါ ဖြစ်စေနိုင်တဲ့အတွက် ဆေးလိပ် လျှော့သောက်သင့်ပါတယ်။
(၆) ညအိပ်ရာ ဝင်ခါနီးတိုင်း မိတ်ကပ်ဖျက်ရမှာ ပျင်းတတ်တဲ့ အလေ့အကျင့်ဟာ သင့်ကို အလွယ်တကူ အိုမင်း ရင့်ရော် စေနိုင်ပါတယ်။ မျက်နှာအရေပြားပေါ်မှာ ကပ်ငြိနေနိုင်တဲ့ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကို သေချာ သန့်စင်ပေးပြီးမှသာ အိပ်စက်သင့်ပါတယ်။
Ref. india.curejoy.com