အသက်အရွယ် ကြီးရင့်လာလို့ ဆံပင်ဖြူတာဟာ ပြဿနာ မရှိပေမယ့် အသက် ၂၀ ကျော် ၃၀ ဝန်းကျင်မှာ ဆံပင်ဖြူ လာရခြင်း ကတော့ စိတ်ညစ်စရာ ကျန်းမာရေး ပြဿနာ တခုပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုများခြင်းနဲ့ ဆံပင်အရောင် မကြာခဏ ပြောင်းခြင်းကြောင့်လည်း အရွယ်မတိုင်ခင် ဆံပင်ဖြူတတ်ပါတယ်။
မျိုးရိုးဗီဇ နဲ့ အာဟာရဓာတ် ချို့တဲ့မှုတွေဟာလည်း အရွယ်မတိုင်မီ ဆံပင်ဖြူစေတဲ့ အကြောင်းရင်းတွေမှာ ပါဝင်တာကြောင့် အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကို ကာကွယ် ပေးနိုင်မယ့် အစားအစာတွေကို ဧရာဝတီမှ ရေးသား ဖော်ပြပေးလိုက်ပါတယ်။
(၁) မှိုမှာ ကော့ပါးဓာတ် ကြွယ်ဝစွာ ပါရှိပြီး ဆံပင်အရောင်ကို ဖြစ်စေတဲ့ ရောင်ခြယ်ဆဲလ်တွေ ထုတ်လုပ်မှုကို အထောက်အကူ ဖြစ်စေတဲ့ ဗီတာမင်ဒီတို့ ပါဝင်တာကြောင့် အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကို ကာကွယ်ပေးပြီး ဆံပင်ဖြူတွေကို လျော့ပါးသက်သာစေနိုင်တဲ့ အစွမ်းရှိပါတယ်။
(၂) ကြက်သားမှာ ဗီတာမင် B12 များစွာပါဝင်ပြီး ဆံသားအတွက်လိုအပ်တဲ့ သတ္တုဓာတ်၊ အာဟာရဓာတ်တွေနဲ့ ဆံပင် အရာင်ကို တောက်ပစေနိုင်တဲ့ ဂုဏ်သတ္တိရှိတာကြောင့် အရွယ်မတိုင်မီ ဆံပင်ဖြူသူတွေအနေနဲ့ ပိုမို စားသုံး ပေးသင့်ပါတယ်။
(၃) ပဲအမျိုးမျိုးမှာ ဗီတာမင် B12, B9 နဲ့ ပရိုတင်းဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် ဆံသားကို သဘာဝအတိုင်း ပြန်လည် မည်းနက်စေနိုင်ပါတယ်။ နေ့စဉ် ပုံမှန်စားသုံးနေတဲ့ အစားအစာတွေထဲမှာ ပဲဟင်းတပန်းကန်ကို ထည့်သွင်း စားသုံးပေးခြင်းအားဖြင့် ဆံပင်ဖြူခြင်းအတွက် သိသာတဲ့ ရလာဒ်ကို ရရှိနိုင်စေမှာ ဖြစ်ပါတယ်။
(၄) အခွံမာသီးတွေရဲ့ အစေ့အဆန်တွေမှာ ဆံသားကို ကျန်းမာသန်စွမ်းစေနိုင်တဲ့ ဗီတာမင်ဓာတ်တွေ ပါရှိပြီး ဆံသားကို မည်းနက်စေတဲ့ မယ်လနင်ဓာတ် ထုတ်လုပ်မှုကို မြင့်တက်စေတာကြောင့် ပုံမှန်စားသုံးပေးသင့်ပါတယ်။
(၅) အစိမ်းရောင် အသီးအရွက် အမျိုးမျိုးမှာ ဦးရေပြားသွေးလှည့်ပတ်မှုကို အားကောင်းစေတဲ့ ကော့ပါး၊ ဗီတာမင်စီနဲ့ တခြားသော အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ဆံသားတွေကိုသန်စွမ်းစေနိုင်တဲ့အပြင် ဆံပင်ဖြူခြင်းကိုလည်း ကာကွယ် ပေးနိုင်ပါတယ်။
Ref: http://www.ba-bamail.com