နေခြစ်ခြစ်တောက် ပူရာကနေ ညနေဘက်ဆို မိုးတွေရွာတတ်လို့ ခုလို ရာသီဥတု အပြောင်းအလဲ မြန်တဲ့အချိန်မှာ အအေးမိဖျားနာ ဖြစ်တတ်ပါတယ်။ အအေးမိပြီဆိုရင် နှာစေးချောင်းဆိုးပြီး လည်ချောင်းတွေ နာလာမယ်။ အသက်ရှု မဝတော့တဲ့ လက္ခဏာတွေ ပြလာပါလိမ့်မယ်။ အလွယ်တကူ အအေးမိဖျားနာ မဖြစ်အောင် ကိုယ်ခံအားကောင်းနေဖို့ လိုပါတယ်။ ကိုယ်ခံအားမြှင့်တင်ပေးမယ့် အစားအသောက်တွေကို ဝေမျှပေးချင်ပါတယ်။
ကြက်သွန်ဖြူ
အအေးမိဖျားနာကို သက်သာစေတဲ့ထဲမှာ အိမ်တိုင်းရဲ့မီးဖိုချောင်မှာရှိတဲ့ ကြက်သွန်ဖြူလည်း ပါဝင်ပါတယ်။ ကျန်းမာရေး လေ့လာချက်တွေအရ ကြက်သွန်ဖြူမှာပါတဲ့ဓာတ်တွေက အအေးမိဖျားနာဖြစ်စေတဲ့ ဘက်တီးရီးယားနဲ့ ရောဂါပိုးမွှားတွေကို သေစေနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် အခုလို ရာသီဥတု ပြင်းထန်တဲ့အချိန်မျိုးမှာ ထမင်းစားတဲ့ အခါ ဖြစ်နိုင်ရင် ကြက်သွန်ဖြူ အစိမ်းစားတာဖြစ်ဖြစ်၊ ဟင်းထဲထည့်ချက်တာဖြစ်ဖြစ် များများစား ပေးသင့်ပါတယ်။
အမဲသား
အသားဆို မရှောင်ဘဲ စားတဲ့သူအတွက်တော့ ပိုးမွှားတွေကို တိုက်ထုတ်ပေးတဲ့ သွေးဖြူဥတွေ တိုးပွားစေတဲ့ ဇင့်ဓာတ်တွေ အများကြီးပါတဲ့ အမဲသားက အကောင်းဆုံးပါပဲ။ ဆေးပညာ လေ့လာချက်တွေအရ လူတယောက်မှာ ဇင့်ဓာတ် နည်းနေပြီဆိုရင် ပြင်ပရောဂါပိုးတွေ ဝင်ရောက်ဖို့ အခွင့်အရေးများလို့ ကိုယ်ခံအားကောင်းစေတဲ့ အမဲသားကို ရာသီဥတု အကူးအပြောင်းမှာ မကြာခဏ ချက်စားပေးပါ။
ကန်စွန်းဥ
ကန်စွန်းဥကတော့ ရှေးယခင်ကတည်းက အအေးမိဖျားနာပျောက်ဆေးအဖြစ် အသုံးပြုလာကြတာပါ။ ဗီတာမင်အေ ကြွယ်ဝစွာပါတဲ့ ကန်စွန်းဥက အရေပြားနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါပိုးတွေကို ကာကွယ်ပေးပါတယ်။ အရေပြား ပြဿနာတွေရှိနေရင် ပြင်ပက ပိုးမွှားတွေ အလွယ်တကူဝင်ရောက်နိုင်လို့ ကန်စွန်းဥ များများစားပြီး ကာကွယ်ထားသင့်ပါတယ်။
နနွင်း
ဟင်းခတ် အမွှေးအကြိုင်တွေထဲမှာ ဆရာတဆူလို့ သတ်မှတ်နိုင်တဲ့ နနွင်းရဲ့ အသုံးဝင်ပုံကလည်း အရေးကြီးပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Antioxidants အပြင် ဖောရောင်ခြင်းတွေကို သက်သာစေလို့ နေ့စဉ်ဟင်းချက်တဲ့အခါ မပါမဖြစ် ထည့်သုံးကြတာပါ။ အဆိပ်အတောက်တွေကိုပါ ဖယ်ရှားသန့်စင်ပေးလို့ စူပါအစားအစာလို့တောင် တင်စား ထားကြတာပါ။
အစိမ်းရင့်ရောင်အရွက်
ဟင်းနုနွယ်၊ ကိုက်လန်တို့လို ဗီတာမင်စီ ကြွယ်ဝစွာပါဝင်တဲ့ အစိမ်းရင့်ရောင်အရွက်တွေက အအေးမိခြင်းကို တိုက်ဖျက် ပေးတဲ့ ဖိုက်တာတွေပါ။ ဆေးပညာရှင်တွေကတော့ အစိမ်းရင့်ရောင်အရွက်တွေကို ဒီအတိုင်း အစိမ်း စားတာထက် ကြက်သွန်ဖြူလို့ တခြားအစွမ်းထက် ဟင်းခတ်တွေနဲ့ ရောနှော ချက်ပြုတ်စားတာက ပိုအကျိုးရှိစေပါတယ်။
ကြက်သားစွပ်ပြုတ်
နောက်ဆုံး တမျိုးက ကြက်စွတ်ပြုတ် ဟင်းရည်ပါ။ နှာစေးပြီး လည်ချောင်းနာ နေတဲ့အခါမျိုးမှာ ဂျင်း၊ ကြက်သွန်ဖြူ နိုင်နိုင် ခတ်ထားတဲ့ ပူပူနွေးနွေး ကြက်သားစွပ်ပြုတ် ဟင်းရည်တခွက်က ခံစားနေရတဲ့ ဝေဒနာတွေကို ယူပစ်သလို ပျောက်ကင်း စေပါတယ်။ ကြက်သား၊ အရိုးတွေနဲ့ ဟင်းရည်တခွက်ကို ကြာကြာတည်ထားပြီး မကြာခဏ သောက်ပေးရင်း အအေးမိ ဖျားနာ အမြန်ဆုံး သက်သာစေပါတယ်။
Ref: Dailyburn