Health

လက်သည်းကိုက်ခြင်းနှင့် ကျန်းမာရေး အန္တရာယ်

သတိမထားမိဘဲ ပြုလုပ်မိတတ်တဲ့ အလေ့အကျင့်တွေထဲမှာ လက်သည်းကိုက်တတ်တဲ့ အလေ့အကျင့်ဟာလည်း ပါဝင်နေပါတယ်။ စိတ်ဖိစီးမှုများခြင်း၊ စိုးရိမ်စိတ်လွန်ကဲခြင်း၊ စိတ်မတည်မငြိမ်ဖြစ်ခြင်းနဲ့ ပျင်းရိတဲ့အခါမျိုးတွေမှာ လက်သည်းကိုက်လေ့ရှိကြပြီး ဒါဟာကျန်းမာရေး ပြဿနာတခု မဟုတ်ပေမယ့် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ  နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးတွေကိုတော့ ဖြစ်ပေါ်စေနိုင်ပါတယ်။

လက်တွေဟာ ဘက်တီးရီးယားပေါင်းစုံနဲ့ အညစ်အကြေးတွေကို ထိတွေ့မှုအများဆုံး အစိတ်အပိုင်းတွေဖြစ်တာကြောင့် လက်သည်းကိုက်တဲ့အခါ ပိုးမွှားတွေနဲ့ ပြည့်နှက်နေတဲ့ လက်သည်းကနေတဆင့် အအေးမိခြင်း အပါအဝင် တခြားသော ကူးစက်ရောဂါတွေကို ဖြစ်ပွားစေနိုင်ပါတယ်။

လက်သည်းကိုက်ခြင်းကြောင့် လက်သည်းအောက်မှာရှိတဲ့ နူးညံတဲ့ လက်သည်း အသားနုလေးတွေ ပေါ်လာပြီး ပါးစပ်ထဲက ဘက်တီးရီးယားပိုးတွေနဲ့ ထိတွေ့မိတဲ့အခါ လက်စွယ်ငုပ်ခြင်းနဲ့ လက်သည်း ပြည်တည်ခြင်းတွေ ဖြစ်ပေါ် လာနိုင်ပါတယ်။

လက်သည်းဘေးမှာရှိတဲ့ အသားမာတွေနဲ့ လက်သည်းတွေကို ပုံမှန်ကိုက်နေမယ်ဆိုရင်တော့ လက်သည်းပိုးဝင်ခြင်းကို  ဖြစ်ပေါ်စေနိုင်ပါတယ်။ လက်သည်းကိုက်တဲ့အခါ အပေါ်သွားနဲ့ အောက်သွားကို အံကြိတ်ပြီး အသုံးပြုရတာဖြစ်တဲ့အတွက် သွားတွေရဲ့ အပေါ်ယံကြွေလွှာကို ပျက်စီးစေနိုင်သလို သွားတွေယိုင်နဲ့လာတာမျိုးကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

သုတေသနစစ်တမ်းတွေအရ လက်သည်းကိုက်တဲ့အလေ့အကျင့်ဟာ ဆယ်ကျော်သက်တွေမှာ ၄၅ ရာခိုင်နှုန်းနဲ့ ကလေးတွေနဲ့ လူငယ်တွေမှာတော့ ၃၀ ရာခိုင်နှုန်းထိ ရှိတယ်လို့ ဖော်ပြထားပါတယ်။

လက်သည်းကိုက်ခြင်းကို ထိန်းချုပ်နိုင်ဖို့အတွက် လက်သည်းကို တိုတိုညှပ်ထားခြင်း၊ လက်သည်းနီ ဆိုးထားပေးခြင်း၊ လက်သည်း ကိုက်ချင်တဲ့ ဆန္ဒပေါ်လာတိုင်း ပီကေဝါးခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါတယ်။

Ref; www.ba-bamail.com

Loading