လူတိုင်းဟာ လုပ်ငန်းခွင်နဲ့ မိသားစုကြား အချိန်ပေးနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ တစ်နေကုန် ၈ နာရီလောက် လုပ်ငန်းခွင်ထဲ မြှုပ်နှံထားရသလို ပိတ်ရက်တွေမှာလည်း မိသားစုနဲ့အတူ အချိန်ပေးရင်း ကိုယ်ပိုင်အချိန် မရှိလောက်အောင်ကို ဖြစ်တတ်ပါတယ်။
အလုပ်နဲ့အိမ်၊ အိမ်နဲ့အလုပ်ကြားမှာ အချိန်ကုန်ရင်း စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်လာတဲ့အခါ ကိုယ်ခန္ဓာမှာ နာကျင်ကိုက်ခဲ ဝေဒနာတွေကို ခံစားလာရပါတယ်။ ဒီလိုဝေဒနာတွေက ပုံမှန် ဆိုပေမယ့် တချို့လက္ခဏာတွေကျပြန်တော့ စိတ်ဖိစီးမှု များပြီး ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်နေတဲ့ လက္ခဏာပါတဲ့။
သာမန် အချိန်တွေမှာလည်း ကိုယ်အလေးချိန်ကို ထိန်းရခက်ပါတယ်။ အစားအသောက် ဆင်ခြင်ပြီး ကိုယ်လက် လေ့ကျင့်ခန်း လုပ်ရင်တောင် ဝိတ်ကျဖို့ မလွယ်ပါဘူး။ ဒါပေမယ့် စိတ်ရောလူပါ ပင်ပန်းနေချိန်ဆို ခန္ဓာကိုယ်က cortisol ဟော်မုန်းတွေ ပုံမှန်ထက် ပိုထုတ်ပေးတတ်ပါတယ်။
ဒီဟော်မုန်းဓာတ်တွေက ကိုယ်တွင်းက အဆီတွေ နဲ့ ကိုလက်စထရောတွေကို လွယ်လွယ် မချေဖျက်နိုင်အောင် လုပ်ပေး ထားပါတယ်။ ဒါကြောင့် သွေးတွင်း cortisol ဟော်မုန်းတွေ များလာလေ အစားအသောက်တွေ ပိုစားဖြစ်ပြီး အလေးချိန် တက်လေပါပဲ။
ပြင်ပက ညစ်ညမ်းမှုတွေကြောင့်လည်း အသားရေ ပျက်စီးတတ်တယ်ဆိုပေမယ့် သေချာ ဂရုစိုက်နေတဲ့ကြားက မျက်နှာပေါ်မှာ ဝက်ခြံနဲ့ အဖုအပိမ့်တွေ ထွက်လာတယ်ဆိုရင် စိတ်ဖိစီးမှု များနေတာကို ပြနေတာပါ။ ကျွမ်းကျင် ပညာရှင်တွေရဲ့ လေ့လာချက်အရ စိတ်ဖိစီးမှုများခြင်းနဲ့ အသားရေ ပြဿနာတွေက ဆက်စပ်မှု ရှိနေပါတယ်။
အပေါ်မှာ ပြောခဲ့သလို စိတ်ဖိစီးမှုဒဏ်တွေက လူကို ဒုက္ခပေးမယ့် cortisol ဟော်မုန်းတွေ ထွက်တယ်လို့ ပြောခဲ့ပါတယ်။ ဒါဟာ ခဏတာ စိတ်ဖိစီးမှုဖြစ်တဲ့ အချိန်မှပါ။ တချို့ကလည်း စိတ်ဖိစီးမှုကို နာတာရှည်ရောဂါ ဖြစ်သလို တာရှည် နေပြီ ဆိုရင် ကိုယ်တွင်း ကိုယ်ခံအား စနစ်ကိုပါ ထိခိုက်ပျက်စီး လာပါတော့တယ်။ ကိုယ်ခံအား စနစ်အား နည်းသွားနဲ့ အလွယ်တကူ ဖျားနာလာပါတော့တယ်။
ကိုယ်ခံအားစနစ် ထိခိုက်ပျက်စီးတာနဲ့ နောက်ထပ် အကျိုးဆက်အဖြစ် အစာအိမ်နာ ဖြစ်လာတာပါ။ အစားစားပြီးတိုင်း အစာ မကြေသလို ဖြစ်နေတာက ကြွက်သားတွေ ကိုယ်တွင်းအစိတ်အပိုင်းတွေကို ဆွဲညစ်ထားလို့ပါ။ ဆေးသောက် လိုက်ရင် သက်သာသလို ဖြစ်ပေမယ့် ရေရှည်ဖြစ်နေရင် ကျန်းမာရေး ထိခိုက်နိုင်တာမို့ အတတ်နိုင်ဆုံး စိတ်ဖိစီးမှု ကင်းဝေးအောင် နေပါ။
စိတ်ဖိစီးမှု များတဲ့သူ တယောက်မှာ နေ့စဉ်လုပ်ငန်း ဆောင်တာတွေကို ထိခိုက်လာတာပါ။ အလုပ်ထဲမှာလည်း အာရုံ မစူးစိုက်နိုင်သလို အိမ်ရောက်တဲ့အခါလည်း မိသားစုကို ဂရုမစိုက်နိုင်ပြန်ပါဘူး။ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက် လျော့နည်းလာတာနဲ့အမျှ တဖြည်းဖြည်း စိတ်ဓာတ်ကျ အားငယ်လာတတ်ပါတယ်။
ညဘက်ဆို အိပ်ပျော်ဖို့ခက်သလို အိပ်ရေးဝဝ မအိပ်ရခြင်းရဲ့ အကျိုးဆက်က သွေးပေါင်ချိန် အတက်၊ အကျ မြန်လာခြင်းပါပဲ။ စိတ်ဖိစီးမှု အရမ်းများတဲ့ သူတွေမှာဆို ဦးခေါင်းနဲ့ လည်ပင်းနား တဝိုက်မှာ နာကျင် ကိုက်ခဲတတ်ပြီး နာတာရှည် ခေါင်းကိုက်ဝေဒနာပါ ဖြစ်စေနိုင်ပါတယ်။
Ref: Providr