မိုးရာသီ ရောက်လာပြီ ဆိုတာနဲ့ ဖျားနာခြင်းကိုပါ မကြာခဏ ခံစားရတတ်ပါတယ်။ ကျောင်းသားနဲ့ အလုပ် လုပ်သူတွေက မကြာခဏ အပြင် သွားလာနေရတာကြောင့် ဖျားနာခြင်း ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဖျားနာလာပြီဆိုရင် နေ့စဉ် လုပ်ငန်းဆောင်တာတွေကို ထိခိုက်နိုင်တာကြောင့် ဘယ်လိုကာကွယ်သင့်တယ် ဆိုတဲ့ လိုက်နာရမယ့် နည်းလမ်းတွေကို ဝေမျှလိုက်ပါတယ်။
(၁) ထီး၊ မိုးကာ ဆောင်ပါ
ပထမဦးဆုံး မိုးရေ အစိုမခံဖို့အတွက် ထီး၊ မိုးကာ အကျႌ ဆောင်ပါ။ သင့်ကို မစိုစွတ်အောင် အရင်ဆုံး ကာကွယ် ထားတာက ဖျားနာနိုင်ခြေ အနည်းဆုံးပါ။
(၂) ဗီတာမင်စီ စားသုံးပါ
ဆေးပညာဆိုင်ရာ လေ့လာမှုတွေအရ ဗီတာမင်စီက သာမန် ဖျားနာခြင်းတွေကို ကုသပေးနိုင်ပါတယ်။ ဒါ့အပြင် အဖျားကြီးမှုကို လျော့ကျစေပြီး သင်က ဗီတာမင်စီ သောက်သုံးထားမယ်ဆိုရင် ကိုယ်တွင်းက အဖျားပိုးကို လျှင်မြန်စွာ တိုက်ခိုက်နိုင်ပါလိမ့်မယ်။
(၃) မိုးမိတဲ့အခါ ရေချိုးပါ
အများစုက မိုးမိလာတဲ့အခါ ရေမချိုးကြတော့ပါဘူး။ မိုးရေစိုတဲ့အခါ သင့်ကိုယ်ခန္ဓာက အပူချိန် မညီမျှတော့တဲ့အတွက် နေမကောင်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရေပြန်ချိုးပေးခြင်းအားဖြင့် အပူချိန် ပြန်လည် ညီမျှစေပါတယ်။
(၄) လေ့ကျင့်ခန်း လုပ်ပါ
လူက ဖျားနာချင်သလိုလို နုံးချိချိ ဖြစ်နေတယ်ဆိုရင် ကွေးမနေပါနဲ့။ အိမ်ထဲမှာပဲ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ကြည့်ပါ။ နုံးချိတာတွေ ပျောက်ပြီး ပြန်လည် လန်းဆန်းလာပါလိမ့်မယ်။
(၅) ဟင်းရည်ပူပူ သောက်ပါ
မိုးရာသီမှာ ပူနွေးတဲ့ အစားအသောက်တွေ စားသုံးပေးပါ။ မိုးမိလာတဲ့အခါ ကော်ဖီပူပူ၊ ဟင်းချိုပူပူလေး သောက်ခြင်း အားဖြင့် သင့်ခန္ဓာကိုယ်က အပူချိန်ပြန်လည် ထိန်းညှိပေးပြီး ဖျားနာမှုတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။
(၆) လက်ဆေးပါ
လက်မှာက ရောဂါပိုးမွှားတွေ ကပ်တွယ်တာ အများဆုံး ဖြစ်တဲ့အတွက် လက်ကိုအမြဲ ဆေးကြောပါ။ သို့မဟုတ် လက်ဆေးရည် ဆောင်ပါ။
(၇) ရေများများ သောက်ပါ
နေမကောင်းဖြစ်တဲ့အခါ ဆရာဝန်တွေက ရေများများ သောက်ခိုင်းတာ မှတ်မိကြမှာပါ။ ခန္ဓာကိုယ်က ရေဓာတ် ထိန်းပေးဖို့နဲ့ ငှက်ဖျားပိုးနဲ့ အခြားရောဂါတွေကို ကာကွယ်ပေးဖို့ အခြေခံအကျဆုံး နည်းလမ်းကတော့ ရေသောက်ပါ။
(၈) မျက်နှာကို မကိုင်ပါနဲ့
အဖျားပိုးတွေ ဝင်ရောက်နိုင်တာက သင့်မျက်နှာကနေလည်း ဖြစ်နိုင်တဲ့အတွက် သင့်မျက်နှာနဲ့ အခြားသူတွေရဲ့ မျက်နှာကို ကိုင်ခြင်းကနေ ရှောင်ကြဉ်သင့်ပါတယ်။
(၉) ဟင်းသီးဟင်းရွက် စားသုံးပါ
အချို့သော ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်စီထက် ပိုကောင်းတဲ့ Phytochemicals ပါဝင်ပါတယ်။ သူတို့တွေက ဖျားနာခြင်းတွေကို ကာကွယ်နိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။ ဒါ့အပြင် ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်အေ ပါဝင်တဲ့ အတွက် မျက်စိ ကျန်းမာရေးအတွက်လည်း အထောက်အကူ ပြုပါတယ်။
ဒီ အချက် ၉ ချက်ကို လိုက်နာကြည့်ရင်း သာမန် ဖျားနာမှုတွေကနေ ကင်းဝေးဖို့ အကြံပြုလိုက်ပါတယ်။