လူတယောက်ရဲ့ ဘဝမှာ အိပ်စက်ခြင်းဟာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ နေ့စဉ်ဘဝမှာ ရုံးချိန် မှီအောင်နဲ့ လူမှုကိစ္စတွေကြောင့် အိပ်စက်ချိန် မလုံလောက် ဖြစ်တတ်ပါတယ်။ အိပ်ရေး မဝခြင်းဟာ မလိုလားအပ်တဲ့ ကျန်းမာရေး အကျိုးဆက်တွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် အိပ်ချိန် လုံလောက်ဖို့ဟာ အရေးကြီးပါတယ်။
စတော့ဟုမ်း တက္ကသိုလ်ရဲ့ အိပ်စက်ခြင်းဆိုင်ရာ သုတေသနစာတမ်းအရ အလုပ်ပိတ်ရက်တွေမှာ အိပ်ချိန် အတော်ကြာကြာ အိပ်စက်ခြင်းဟာ လူ့သက်တမ်းကို ပိုရှည်စေနိုင်တယ်လို့ ဆိုပါတယ်။ ဒီလေ့လာတွေ့ရှိချက်ကို အတည်ပြုဖို့အတွက် ဆွီဒင်နိုင်ငံက လူပေါင်း ၄၄၀၀၀ ကျော်ကို စမ်းသပ်လေ့လာခဲ့တာ ဖြစ်ပြီး ၁၃ နှစ်အကြာမှ အတည်ပြုထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
တဆက်တည်းမှာပဲ ရက်သတ္တပတ်တပတ်ရဲ့ ပိတ်ရက်တွေမှာ အိပ်ချိန် ၈ နာရီထက် ပိုမိုအိပ်စက်ခြင်းဟာ ဆီးချိုနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကိုပါ ကာကွယ်စေနိုင်တယ်လို့ ဆိုထားပါတယ်။
အိပ်စက်ချိန်ကြာမြင့်တာနဲ့ ပက်သက်ပြီး လူအများစုသိထားတဲ့ အယူအဆမှား တခုကတော့ ကိုယ်အလေးချိန်မြင့်တက် လာမယ်ဆိုတာပဲ ဖြစ်ပါတယ်။ အိပ်စက်ချိန်နည်းမှသာ ကိုယ်အလေးချိန်မြင့်တက်လာမှာ ဖြစ်တာကြောင့် သင်ဟာ ပုံမှန်အားဖြင့် အိပ်စက်ချိန်နည်းသူတယောက်ဖြစ်နေတယ်ဆိုရင်တော့ သင်အနေနဲ့ အားလပ်ရက်တွေမှာ ပိုမိုအိပ်စက် သင့်ပါတယ်။
ဒီလိုမျိုး အားလပ်ရက်တွေမှာ အိပ်ချိန် အချိန်ကြာကြာ အိပ်စက်ခြင်းဟာ သင့်ရဲ့နေ့စဉ်လုပ်ငန်းခွင်မှာ လုပ်ရည်ကိုင်ရည် ပိုမိုမြင့်တက်လာစေနိုင်တယ်လို့လည်း သုတေသီဆရာဝန် တဦးဖြစ်တဲ့ Matthew Walker ကဆိုပါတယ်။ အားလပ်ရက် တွေမှာ အိပ်ရေးဝဝ အိပ်စက်ခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်တွေ ပိုမိုကောင်းမွန်လာ စေနိုင်တာကြောင့် သာမန်အဖျား ရောဂါတွေကိုပါ ဖြစ်ပွားမှုနှုန်းနည်းစေတယ်လို့လည်း လေ့လာတွေ့ရှိချက်တွေက ဆိုပါတယ်။
Ref : www.providr.com