ပန်ဒါမျက်လုံးလို့ သိကြတဲ့ မျက်ကွင်းညိုညိုလေးတွေကြောင့် အလှပျက်နေတယ်လို့ ခံစားနေရပြီလား။ မိတ်ကပ် လိမ်းတဲ့အခါ မျက်ကွင်းညိုတဲ့သူတွေအတွက် Concealer ဖုံးရတာက အလုပ်တလုပ်ပေ့ါ။ မိတ်ကပ်သားက ကျန်တဲ့ နေရာတွေ ဖွေးပြီး မျက်လုံးနားမှာ ကွက်ညိုနေလို့ စိတ်ညစ်နေရတဲ့ ပျိုမေတို့အတွက် အိမ်တွင်းကုထုံး နည်းလမ်းတွေကို ဖော်ပြလိုက်တယ်နော်။
(၁) မက်မွန်ဆီ
ညမအိပ်ခင် မက်မွန်ဆီကို မျက်လုံးနားတဝိုက် လိမ်းပြီး နှိပ်နယ်ပေးပါ။ ညဘက်ထားပြီး မနက်မိုးလင်းတဲ့အခါ ရေအေးအေးနဲ့ ဆေးချပါ။ ဒါ့အပြင် မက်မွန်ဆီနဲ့ Vitamin E ဆီ ရောပြီးလည်း လိမ်းလို့ရပါတယ်။
(၂) သခွားသီး
သခွားသီးက အသားအရေကို ဝင်းလက်စေသလို အသားအရေ ချောမွေ့စေတဲ့ အစွမ်းရှိပါတယ်။ သခွားသီး အစိတ် ထူထူလေးကို ရေခဲသေတ္တာထဲမိနစ် ၃၀ ခန့်ထားပါ။ ပြီးမှ လိုတဲ့နေရာမှာ ကပ်ထားပြီး ၁၀ မိနစ်ခန့် ထားပါ။ နောက်တနည်းက သခွားရည်နဲ့ သံပုရာရည် ဆတူရောပြီး ဂွမ်းစနဲ့ သုတ်လိမ်းပြီး ၁၅ မိနစ်ခန့်ထားပါ။ ပြီးမှ ရေဆေးချပါ။ တပတ်ကို တကြိမ်လောက် လုပ်လို့ရပါတယ်။
(၃) ခရမ်းချဉ်သီး
ခရမ်းချဉ်သီးကလည်း အရေပြားကို တောက်ပစေတဲ့ အစွမ်း ရှိပါတယ်။ ခရမ်းချဉ်သီးေ ဖျာ်ရည်တဇွန်းနဲ့ သံပုရာရည် ဇွန်းတဝက် ရောပြီး ညိုနေတဲ့ နေရာတွေကို အသာအယာ လိမ်းပါ။ ၁၀ မိနစ်ခန့်ထားပြီး ရေဆေးချပါ။
(၄) အုန်းဆီ
အုန်းဆီနဲ့ နှိပ်နယ်ပေးခြင်းကလည်း မျက်ကွင်းညိုခြင်းကို သက်သာစေပါတယ်။ သူက အစိုဓာတ် ရစေတာကြောင့် အသားအရေ ချောမွေ့စေပြီး မျက်လုံးတဝိုက် အရေးကြောင်းဖြစ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အုန်းဆီ စစ်စစ်ကို မျက်လုံးတဝိုက် ညင်သာစွာ နှိပ်နယ်ပြီး နာရီအနည်းငယ် ကြာတဲ့အခါ ရေဆေးချပါ။
(၅) လက်ဖက်ရည်အိတ် (Tea Bags)
လက်ဖက်စိမ်း (သို့မဟုတ်) black tea အထုပ်တွေကို ရေခဲသေတ္တာထဲ နာရီဝက်ခန့် ထည့်ထားပါ။ မျက်စိကို လက်ဖက်ထုပ်လေးတွေနဲ့ ၁၀ (သို့) ၁၅ မိနစ်ခန့်အုပ်ထားပါ။ ပြီးနောက်ရေဆေးချပါ။ တနေ့ကိုပုံမှန် ၂ ကြိမ်လောက် လုပ်ပေးပါ။
ဒီလိုနည်းလမ်းတွေကို ပုံမှန်သုံးသွားမယ်ဆိုရင် မကြာခင်မှာဘဲ မျက်ကွင်းလေးတွေ အညိုလျော့သွား ပါလိမ့်မယ်။