မျက်နှာ အသားအရေကို ထိန်းသိမ်းတဲ့ အခြေခံအကျဆုံး အဆင့်တွေထဲမှာ Toner အသုံးပြုခြင်းဟာ မရှိမဖြစ် Skin Care အဆင့်တခု ဖြစ်ပါတယ်။ Toner ဟာ မျက်နှာသစ်ပြီးတဲ့အခါ ကျန်နေတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်။
Toner အများစုမှာ Alcohol ပါဝင်ပြီး Alcohol ဟာ မျက်နှာအသားအရေမှာ စပ်ဖျဉ်းဖျဉ်း ခံစားမှုကို ခံစားရစေ နိုင်တာကြောင့် သဘာဝပစ္စည်းတွေကို အသုံးပြုပြီး ပြုလုပ်လို့ရတဲ့ Toner ပြုလုပ်နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ပန်းသီးရှာလကာရည် Toner
ပန်းသီးရှာလကာရည်ဟာ မျက်နှာအသားအရေရဲ့ pH level ကို ထိန်းညှိပေးနိုင်ပြီး အဆီပြန်ခြင်းကို လျော့ပါး စေနိုင်တာ ကြောင့် ပန်းသီး ရှာလကာရည်နဲ့ ပြုလုပ်တဲ့ Toner ကို ဝက်ခြံနဲ့ အသားအရေ အဆီပြန်သူတွေ အသုံးပြုသင့်ပါတယ်။
ပြုလုပ်နည်းကတော့ ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၄ ဇွန်းနဲ့ ရေတဖန်ခွက်ရဲ့ တဝက်လောက်ကို ရောစပ်ပြီး ရေခဲသေတ္တာထဲ နာရီဝက်လောက် ထည့်ထားပေးပါ။ ပြီးရင်တော့ Cotton Pad ဒါမှမဟုတ် ဂွမ်းစလေးတွေကို အသုံးပြုကာ မျက်နှာပေါ် အသာအယာလိမ်းပေးပြီး ခြောက်သွေ့အောင် ထားပြီးမှ ရေနဲ့ပြန်လည် ဆေးကြောပေးရုံနဲ့ ဝက်ခြံနဲ့ အဆီပြန်ခြင်းတွေ ကင်းတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
(၂) နှင်းဆီပန်း ပွင့်ဖတ် Toner
နှင်းဆီပန်းရဲ့ ပွင့်ဖတ်တွေနဲ့ ပြုလုပ်ထားတဲ့ အလှကုန်ပစ္စည်းတွေဟာ ဈေးကြီးသလို အသားအရေအတွက်လည်း အကျိုးကျေးဇူးတွေ များလှပါတယ်။ အခုဖော်ပြပေးမယ့် နှင်းဆီပွင့်ဖတ်နဲ့ ပြုလုပ်ထားတဲ့ Toner ဟာ ခြောက်သွေ့ ကြမ်းတမ်း တဲ့ အသားအရေပိုင်ရှင်တွေနဲ့ အထူးသင့်တော်ပါတယ်။
ပြုလုပ်နည်းကတော့ နှင်းဆီပွင့်ဖတ် ၅၀ ဂရမ်ကို ရေတဖန်ခွက်နဲ့ ထည့်ပြုတ်ပြီး အအေးခံထားရုံနဲ့ နှင်းဆီပန်း Toner ကို ရရှိမှာပဲဖြစ်ပါတယ်။ နှင်းဆီပန်း Toner ကို မိတ်ကပ်ဖျက်ပြီးချိန်တွေမှာ ပုံမှန်အသုံးပြုပေးမယ်ဆိုရင် ချောမွေ့ပြီး ကြည်လင်တဲ့ အသားအရေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
(၃) သခွားသီး Toner
သခွားသီးဟာ အသားအရေကို ရေဓာတ်ပြန်လည် ဖြည့်တင်းပေးနိုင်ပြီး အသားအရေကို စိုပြည်စေတာကြောင့် သခွားသီး Toner ဟာ Sensitive Skin ပိုင်ရှင်တွေနဲ့ အထူး သင့်တော်ပါတယ်။
ပြုလုပ်နည်းကတော့ သခွားသီးတလုံးကို အစေ့တွေဖယ်ပြီး ရေတဖန်ခွက်လောက်နဲ့ ရောကာ ကြိတ်စက်နဲ့ ကြိတ်ချေပေးပါ။ ရလာတဲ့ သခွားရည်ကို ရေခဲသေတ္တာထဲ နာရီဝက်လောက်ထားပြီးမှ မျက်နှာအသားအရေပေါ်မှာ လိမ်းပေးခြင်းအားဖြင့် မျက်နှာအသားအရေကို ကြည်လင်စိုပြည်စေမှာ ဖြစ်ပါတယ်။
Ref: steptohealth.com