ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံး လူမျိုးတွေကို ပြပါဆိုရင် ဂျပန်လူမျိုးတွေကို ညွှန်ပြရမှာပါ။ သူတို့တွေရဲ့ သက်ရှည်ကျန်းမာရေး လျှို့ဝှက်ချက်တွေကြောင့် ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း အသက်ရှည်နှုန်းဇယားမှာ မြင့်တက်လာ ခဲ့ပါတယ်။ ဂျပန်လူမျိုးတွေဟာ ပုံမှန်အားဖြင့် ထမင်း၊ အသီးအရွက်နဲ့ ငါးကို အစားများကြသလို ဗီတာမင်၊ သတ္တုဓာတ်တွေ ပေါကြွယ်ဝတဲ့ ရေညှိ၊ ပဲငံပြာရည်တွေကလည်း အသက်ရှည်ဖို့ တဖက်တလမ်းက ထောက်ပံ့ပေးတာပါ။
၁၉ ရာစုနောက်ပိုင်းမှာတော့ ကျန်းမာရေးနဲ့ မညီတဲ့ အစားအသောက်ပုံစံတွေကြောင့် အနောက်တိုင်းသားတွေဟာ ခန္ဓာကိုယ် အဝလွန်လာကြသလို အသက်ရှည်ရှည် မနေရတော့ပါဘူး။ ပေါင်မုန့်တွေကို ထောပတ်တွေ သုတ်ပြီး အသားတွေနဲ့ စားတာ၊ သကြားအချိုတွေ နေ့စဉ် လိုအပ်ချက်ထက် ပိုစားသောက်မှုတွေကြောင့် ရောဂါဘယတွေ များလာကြလို့ ဂျပန်လူမျိုးတွေရဲ့ သက်ရှည်ကျန်းမာရေး နည်းလမ်းတွေကို လေ့လာကြည့်ခဲ့ကြပါတယ်။
ဂျပန်အစားအသောက်တွေကိုကြည့်ရင် ပေါင်းမယ်၊ ပြုတ်မယ်၊ ကင်မယ်၊ တန်ပူရာလို ဆီအများကြီးထဲ နှစ်ကြော်မယ် ဆိုလည်း အဆီစုပ်စက္ကူနဲ့ ပြန်စစ်မယ် စတဲ့ ဟင်းချက်မှု ပုံစံတွေကိုကြည့်ရင် တခြားလူမျိုးတွေထက် ဆီစားသုံးမှု ပိုနည်းတာကို မြင်တွေ့ရမှာပါ။
ထမင်းစားတိုင်း အရည်တခွက် ပါအောင် စားလေ့ရှိပြီး တခြားဟင်းအရံတွေကို ပမာဏ နည်းနည်းနဲ့ အစုံပါအောင်စား တတ်ပါတယ်။ ဂျပန်တွေအစားများဆုံး အသီးရွက်နဲ့ ငါးဟင်းတွေကနေ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အမျှင်ဓာတ်ကို ရသလို ထမင်းနဲ့ပဲကနေလည်း လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေ ရစေပါတယ်။
ဂျပန်လူမျိုးတွေရဲ့ နောက်ထပ်အလေ့ကျင့်ကောင်းတခုက လက်ဖက်ရည် သောက်တဲ့အကျင့်ပါ။ တခြားနိုင်ငံတွေလို ကော်ဖီသောက်တဲ့လူထက် Green Tea လက်ဖက်ရည်ကို ပိုအသောက်များကြသလို လက်ဖက်ရည် ယဉ်ကျေးမှု တရပ်လည်း ရှိပါတယ်။
ဈေးအသင့်တင့်ကနေ ဈေးကြီးတဲ့ လက်ဖက်ရည်တွေအထိ အမျိုးစားစုံလင်ပြီး နေရောင်ရတဲ့နေရာမှာ သေချာ စိုက်ပျိုးထားတဲ့ လက်ဖက်စိမ်း နုလေးတွေကို အခြောက်ခံပေါင်းခံပြီး အမှုန့်ကြိတ်ထားတဲ့ လက်ဖက်စိမ်းရည်ကို ပုံမှန်သောက်ပေးရင် လိုအပ်တဲ့ Antioxidants တွေပါဝင်လို့ အရွယ်တင် နုပျိုစေပါတယ်။
ရေပတ်လည်ဝိုင်းနေတဲ့ ဂျပန်ကျွန်းလေးမှာ ပင်လယ်စာ လတ်လတ်ဆတ်ဆတ်အစုံ ဝယ်ယူနိုင်တာကလည်း ဂျပန် လူမျိုးတွေ အသက်ရှည်စေတဲ့ အကြောင်းတချက်ပါ။ အနယ်နယ်အရပ်ရပ်က လတ်လတ်ဆတ်ဆတ် အသားငါးတွေ၊ အသီးအရွက်တွေကို တရက်တောင် မကူးစေဘဲ နေ့တပိုင်းနဲ့တင် ထွက်ရှိရာ ဒေသတွေဆီကနေ ပို့ဆောင်ပေးနိုင်လို့ လူတိုင်း ပေါပေါများများနဲ့ လတ်လတ်ဆတ်ဆတ် စားသုံးနိုင်ပါတယ်။
ဂျပန်အစားအစာတွေမှာ ထည့်တဲ့အစားသောက်ပန်းကန်တွေကို ကန့်သတ်ထားပါတယ်။ တယောက်စာလုံ လောက်ရုံ ဟင်းပန်းကန်အသေးလေးတွေ၊ ထမင်းပန်းကန်လုံးလေးတွေနဲ့ပဲ ထည့်စားလေ့ရှိကြပါတယ်။ ဘယ်တော့မှ ပန်းကန်းပြား အချပ်ကြီးတွေနဲ့ အလျှံအပယ် စားလေ့ မရှိပါဘူး။
ဂျပန်လူမျိုးလို့ပြောလိုက်ရင် နောက်ထပ်လူတိုင်းနဲ့ ရင်းနှီးနေတဲ့အချက်က လမ်းလျှောက်ကြတာပါ။ ဘယ်နေရာကိုပဲ ကြည့်လိုက်ကြည့်လိုက် ခပ်မြန်မြန် လမ်းလျှောက်ကြတဲ့သူတွေကို တွေ့ရမှာပါ။ ကားကို ဇိမ်ခံပစ္စည်းတခု အနေနဲ့ပဲ သတ်မှတ်ထားပြီး ဝန်ထမ်းတော်တော်များများက အိမ်ကနေ အနီးဆုံးဘူတာကို စက်ဘီးစီးလာကြပြီး ရထား ဆက်စီး ကြတာပါ။ အလုပ်နဲ့ အနီးဆုံး ဘူတာကို ဆိုက်ပြန်တော့ အလုပ်ကို အချိန်မီအောင် ခပ်သွက်သွက် လမ်းလျှောက် ကြပါတယ်။
အိမ်အနီးနားက ပန်းခြံတွေနဲ့ အများပြည်သူအပန်းဖြေနေရာတွေမှာ အုပ်စုလိုက် မနက်ဘက်ဆို လေ့ကျင့်ခန်း လုပ်နေတဲ့ သူတွေကို မြင်တွေ့ရမှာပါ။ Rajio Taiso လို့ခေါ်တဲ့ အသက်ရှုလေ့ကျင့်ခန်းနဲ့ ကိုယ်လက် လေ့ကျင့်ခန်းတွေကို အသက် ရွယ်မရွေး လုပ်လေ့ရှိကြပါတယ်။ ဒီလေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ကျောင်းနဲ့ အလုပ်ခွင်တွေမှာ ပိုအာရုံစူးစိုက်နိုင်သလို အသက်အရွယ်ကြီးတဲ့သူတွေအတွက်တော့ ခန္ဓာကိုယ်ပေါ့ပါးပြီး ကိုယ်လက်လှုပ်ရှားမှု ပေါ့ပါးစေပါတယ်။
တနှစ်မှာ ဂျပန်လူမျိုးတွေရဲ့ ကျန်းမာရေးစစ်ဆေးချက်ဟာ ၁၂ ကြိမ်လောက်ထိ ရှိကြပြီး ဒါဟာ အမေရိကန်နိုင်ငံထက် ၄ ဆ ပိုများနေတာကို တွေ့ရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စောင့်ရှောက်ပေးမှုတွေကြောင့် ဂျပန်လူမျိုးတွေဟာ ကျန်းမာရေးအသိ ပိုရှိလာကြတယ်လို့ ဆိုပါတယ်။
ဂျပန်လူမျိုးတွေဟာ အပေါင်းအသင်းမိတ်ဆွေတွေကို အိမ်ကိုဖိတ်ခေါ်တာထက် အပြင်မှာ လေကောင်းလေသန့် ရပြီး နေရောင်ရမယ့် ပန်းခြံတွေမှာ ပျော်ပွဲစားထွက်ကြတာကို ပိုသဘောကျကြပါတယ်။ အိမ်ခန်းတွေ ကျဉ်းတာကြောင့်လည်း ပါသလို စားသောက်ဆိုင်တွေရဲ့ဈေးနှုန်းက သက်သာပြီး ကျန်းမာရေးနဲ့ ညီညွတ်လို့ အပြင်ထွက်စားလေ့ ရှိကြပါတယ်။
ဂျပန်လူမျိုးကို အသန့်အပြန့်အကြိုက်ဆုံး လူမျိုးလို့တောင် သတ်မှတ်နိုင်ပါတယ်။ ကိုယ့်အိမ်တခုတည်းတင် မဟုတ်ဘဲ အနီးနားက ပတ်ဝန်းကျင်ကိုပါ သန့်ရှင်းလှပအောင် အမြဲလုပ်ဆောင်နေကြတာပါ။ ကျောင်းမှာဆိုလည်း ငယ်စဉ်တည်းက သန့်ရှင်းရေးကို အလေ့အကျင့်ဖြစ်အောင် သင်ပြပေးသလို ပတ်ဝန်းကျင်သန့်ရှင်းအောင် ကူညီဖို့ ကျောင်းတွေမှာ လေ့ကျင့်ပေးလေ့ ရှိပါတယ်။ နွေရာသီရောက်မှ တနေ့ ၂ ကြိမ် ရေချိုးတာမျိုး မဟုတ်ဘဲ အမြဲတကိုယ်ရည် သန့်ရှင်းအောင် တနေ့ ၂ ကြိမ် ရေချိုးသန့်စင်ကြပါတယ်။
Ref: Japan Insides