အခုလို အေးမြပြီး စိုစွတ်တဲ့ မိုးရာသီမှာ အအေးမိ၊ နှာစေးနဲ့ တုပ်ကွေးရောဂါတွေ ဖြစ်လေ့ဖြစ်ထ ရှိတာကြောင့် ကျန်းမာရေးကို ဂရုစိုက်ပြီး ကိုယ်ခံအား ကောင်းမွန်အောင် နေထိုင်စားသောက်ဖို့ လိုအပ်ပါတယ်။
မိုးရာသီဟာ တခြားရာသီတွေထက် ဖျားနာစေတဲ့ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်ပိုးတွေဟာ ကူးစက်မှုနှုန်း ပိုမို မြင့်တက်လေ့ ရှိတာကြောင့် အအေးမိဖျားနာခြင်းတွေကို ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းကောင်းတွေ ဖော်ပြပေး လိုက်ပါတယ်။
(၁) အာဟာရဓာတ် ပြည့်ဝတဲ့ အစားအစာတွေ စားပေးခြင်းဟာ အအေးမိဖျားနာကို ကြိုတင်ကာကွယ် စေနိုင်ပါတယ်။ ဗီတာမင်စီဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ကောင်းမွန်စေတာကြောင့် ဗီတာမင်စီ ဆေးလုံးတွေ သောက်သုံးပေးခြင်းနဲ့ စွပ်ပြုတ်လို ပူပူနွေးနွေး အစားအစာတွေကို စားသုံးပေးသင့်ပါတယ်။
(၂) လက်ကို မကြာခဏ ဆေးကြောပေးခြင်းဟာလည်း အအေးမိ ဖျားနာခြင်းကို ကာကွယ်ပေးနိုင်တဲ့ အချက်တခု ဖြစ်ပါတယ်။ လက်မသန့်ရှင်းမှုကြောင့် ဘက်တီးရီးယားတွေဟာ ပါးစပ်၊ မျက်လုံး၊ နှာခေါင်းဆီကို ရောက်ရှိသွားပြီး အသက်ရှူလမ်းကြောင်းကနေတဆင့် ဖျားနာမှုတွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် လက်ကို မကြာခဏ ဆေးကြောပေးဖို့ လိုအပ်ပါတယ်။
(၃) ရာသီဥတု အေးတာကြောင့် ရေမသောက်မိဘဲ နေရင်းက ခန္ဓာကိုယ် ရေဓာတ် ခမ်းခြောက်တာမျိုး မဖြစ်ရအောင် ရေများများ သောက်ပေးဖို့ လိုအပ်ပါတယ်။ ခန္ဓာကိုယ် ရေဓာတ် ပြည့်ဝနေခြင်းဟာ ဖျားနာခြင်းတွေကို လွယ်လွယ်ကူကူ မဖြစ်စေနိုင်ပါဘူး။
(၄) ခြင်ကနေ တဆင့်ဖြစ်တဲ့ တုပ်ကွေးရောဂါတွေ မဖြစ်ပွားရအောင် မိမိပတ်ဝန်းကျင်ကို သန့်ရှင်းရေး ပြုလုပ်သင့်ပါတယ်။ ခြင်အကိုက် မခံရစေဖို့အတွက် ခြင်ခိုအောင်း နေနိုင်မယ့် နေရာတွေကို ရှင်းလင်းရေး လုပ်တာမျိုးတွေအပြင် ဆေးစိမ် ခြင်ထောင် သုံးတာမျိုးတွေနဲ့ ခြင်အကိုက်မခံရအောင် ကာကွယ် ပေးသင့်ပါတယ်။
(၅) အပြင်ကနေ မိုးမိပြီး ပြန်လာတဲ့အခါမျိုးတွေမှာ ဘက်တီးရီးယားကနေတဆင့် ကူးစက်ရောဂါတွေ မဖြစ်ပွားရအောင် ခြေ၊ လက်တွေကို သေချာ ဆေးကြောပေးပြီး နွေးနွေးထွေးထွေး နေပေးသင့်ပါတယ်။ ပြီးရင်တော့ ကိုယ်ခံအားကို ကောင်းစေမယ့် ဂျင်းလက်ဖက်ရည်လို ပူပူနွေးနွေး လက်ဖက်ရည်ကြမ်း တခွက်ကို သောက်သုံးပေးသင့်ပါတယ်။
Ref: www.womensweekly.com.sg