Health

ပန်းသီးရှာလကာရည် အသုံးပြုတဲ့အခါ သတိထားသင့်တဲ့ အချက် ၅ ချက်

Want create site? Find Free WordPress Themes and plugins.

အလှအပနဲ့ ကျန်းမာရေးအတွက် အထူး အသုံးဝင်လှတဲ့ ပန်းသီး ရှာလကာရည်ဟာ အခုနောက်ပိုင်းမှာ အသုံးပြုမှု များလာတာနဲ့အညီ အသုံးပြုတဲ့အခါမှာလည်း သတိထားသင့်တဲ့ အချက်တွေလည်း ရှိပါတယ်။

ဒါကြောင့်မို့လို့ ပန်းသီးရှာလကာရည် အသုံးပြုတဲ့အခါ သတိထားသင့်တဲ့ အချက် ၅ ချက်ကို ဧရာဝတီ စာဖတ်ပရိသတ်တွေ အတွက် ဗဟုသုတအနေနဲ့ သိရှိနိုင်အောင် ရေးသားဖော်ပြ လိုက်ပါတယ်။

(၁) ပန်းသီး ရှာလကာရည်ကို ကိုယ်အလေးချိန် လျှော့ချချင်လို့ သောက်သုံးတာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ကျန်းမာရေး ကောင်းချင်လို့ သောက်သုံးတာပဲ ဖြစ်ဖြစ် သောက်သုံးတဲ့အခါမျိုးမှာ ပန်းသီး ရှာလကာရည် ၁ ဆ ၊ရေ ၁၀ ဆ အချိုးနှုန်းနဲ့ သောက်သုံးသင့်ပါတယ်။ ဒီလိုမျိုး ရေများများ ရောစပ်သောက်သုံးခြင်းဟာ ပန်းသီး ရှာလကာရည်မှာ ပါဝင်တဲ့ အက်ဆစ်ဓာတ်ကို အားပျော့သွားစေတာကြောင့် လည်ချောင်းနဲ့ အစာအိမ်ထိခိုက်ခြင်းကို သက်သာစေနိုင်ပါတယ်။

(၂) ဆေးဘက်ဆိုင်ရာ ပညာရှင်တွေရဲ့ အကြံပြုချက်အရတော့ ပန်းသီးရှာလကာရည်ကို အစာမစားခင် သောက်သုံး မယ်ဆိုရင် သောက်သုံးပြီး မိနစ် ၂၀ အကြာမှာ အစာတခုခု စားပေးသင့်တယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် ဝမ်းဗိုက်ထဲမှာ အစာ မရှိတဲ့အခါ ပန်းသီး ရှာလကာရည်မှာ ပါဝင်တဲ့ Acetic Acid ဟာ အစာအိမ်နာတာတွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် ဖြစ်ပါတယ်။

(၃) ၂၀၁၂ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာချက်တွေအရ ပန်းသီးရှာလကာရည်ဟာ အသားအရေနဲ့ ကျန်းမာရေးကို အထောက်အကူ ပြုစေတာ မှန်ပေမယ့် သွားတွေရဲ့ အပေါ်ယံကြွေလွှာတွေကို တိုက်စားပစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပန်းသီး ရှာလကာရည် သောက်သုံးပြီးတဲ့အခါ ခံတွင်းကို သေချာစွာ သန့်ရှင်းပေးဖို့ လိုပါတယ်။

(၄) ပန်းသီး ရှာလကာရည် သောက်သုံးတော့မယ်ဆိုရင် မိမိသောက်နေကျ ဆေးတွေနဲ့ တည့်မတည့်ကို ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။

(၅) ပန်းသီး ရှာလကာရည်ကို အသားအရေအတွက် အသုံးပြုမယ်ဆိုရင် Sensitive ဖြစ်တဲ့ အသားအရေ ပိုင်ရှင်တွေ အသုံးမပြုသင့်ပါဘူး။ အသားအရေ နီမြန်း ရောင်ရမ်းလာတာမျိုးနဲ့ ဓာတ်မတည့်တာမျိုးတွေ ဖြစ်ပေါ်နိုင်တာကြောင့် နေလောင်ထားတဲ့ အသားအရေပေါ်နဲ့ ဝက်ခြံတွေပေါ်ကို လိမ်းကျံတဲ့အခါ ပန်းသီး ရှာလကာရည်ကို ရေများများနဲ့ ရောစပ်ပြီးမှသာ အသုံးပြုသင့်ပါတယ်။

Ref : www.rd.com

Did you find apk for android? You can find new Free Android Games and apps.
Loading