အသက် ၃၀ မှာ ၂၀ ကျော်တုန်းက သုံးတဲ့ Skin Care တွေ သုံးနေတုန်းလား။ ဒါဆို ပြန်စဉ်းစားသင့် နေပါပြီ။ ဒီအသက်အရွယ် အပိုင်းခြားမှာ ဖြစ်တတ်တဲ့ အသားရေ ပြဿနာတွေက အရင်တုန်းကနဲ့ မတူတော့သလို အရေးကြောင်း၊ အမည်းစက်၊ တင်းတိတ်တွေ စတင်ခံစားရတဲ့အရွယ်ဆိုလည်း ဟုတ်ပါတယ်။
ဒါကြောင့် သုံးမယ့် Skin Care တွေကိုလည်း အထူးဂရုပြု ရွေးချယ်ရပါမယ်။ အသက် ၃၀ အရွယ် အမျိုးသမီးတွေ မသုံးမဖြစ် သုံးသင့်တဲ့ Skin Care အမျိုးအစားတွေကို တချက်ကြည့်ရအောင်။
အသက် ၂၀ အရွယ်မှာ နေ့တိုင်းမျက်နှာ သေချာ မသန့်စင်ဖြစ်ရင်တောင် အသက် ၃၀ ရွယ်မှာ ဒီလို နေလို့ မဖြစ်တော့ပါဘူး။ အချိန်ပေးပြီး တနေကုန် မိတ်ကပ်တွေ၊ အဆီတွေ၊ ဖုန်တွေနဲ့ မဲညစ်နေတဲ့ မျက်နှာကို အတွင်းပိုင်းထိ ပြန်လည် သန့်စင်ပေးမယ့် မျက်နှာသစ်ဆေး သုံးသင့်ပါပြီ။
ချွေးပေါက်တွေ ထိန်းညှိပေးတာ၊ အသားရေကြည်လင်စေတာ၊ အဆီခဲတွေကို သေချာသန့်စင်ပေးနိုင်တာ၊ ခြောက်သွေ့တဲ့ အသားရေကို စိုပြည် စေတာ စတဲ့ အချက်တွေနဲ့ပြည့်စုံတဲ့ မျက်နှာသစ်ဆေးမျိုးကို ရွေးချယ်ပါ။
ဒီအရွယ်မှာ မျက်နှာအသားရေ ပျက်စီးတာ ပိုများပါတယ်။ သဘာဝအလျောက်လည်း အသားရေ ပျက်စီးတာလွယ်တဲ့ အရွယ်မို့ အရင်လိုတင်းရင်း လှပစေဖို့ဆိုရင် မျက်နှာအတွင်းပိုင်းထိ အားဖြည့်ပေးမယ့် Serum မဖြစ်မနေ သုံးရမယ့်အချိန်ပါ။
Serum မှာအဓိကပါဝင်တဲ့ ဗီတာမင် စီ နဲ့ အီး က အသားရေကိုချောမွတ်ပြီး စိုပြည်လှပစေလို့ နေ့စဉ် မသုံးမဖြစ် သုံးသင့်တဲ့ စာရင်းထဲထည့်ထားပါ။
ရေဓာတ် ဖြည့်တင်းပေးဖို့ထက် ပိုအရေးကြီးတဲ့ အခန်းကဏ္ဍက ကူညီမယ့် Skin Care ကတော့ Moisturizers (အစိုဓာတ်အားဖြည့် ခရင်မ်) ပါ။ ဘယ်အသက်အရွယ်ဖြစ်ဖြစ် ရေဓာတ်ဖြည့်ပေးမယ့် Moisturizers ခရင်မ် လိမ်းပေးသင့်ပါတယ်။ ဒါပေမယ့် အသက် ၃၀ အရွယ်မှာ တဖန်ပြန်ဖြစ်တတ်တဲ့ ဝက်ခြံ၊ တင်းတိတ်၊ အမဲစက်တွေကို မှေးမှိန်စေဖို့ ဘက်စုံ သုံး Moisturizers ခရင်မ်ကောင်းကောင်းရှိသင့်ပါတယ်။ အဆီပြန်တဲ့ အသားရေ ပိုင်ရှင်တွေအတွက် ထုတ်ထား တဲ့ Oil-Free Moisturizers တွေ ရှိပါတယ်။
နေလောင်ခံခရင်မ်ကတော့ အသက် ၃၀ အရွယ်တွေအတွက် မရှိမဖြစ်ပါ။ တခါလိမ်းထားရင် ၄ ၊ ၅ နာရီ လောက်ခံလို့ သွားလေရာအိတ်ထဲမှာ ထည့်သွားသင့်တဲ့ပစ္စည်းပါ။ ခရင်မ် မသုံးချင်လည်း အလွယ်တကူဖြန်းနိုင်တဲ့ Spray တွေရှိပါတယ်။
အသားရေကို ထိခိုက်ပျက်စီးစေတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားမှာ အရေးကြောင်းတွေထွက်ပြီး အရွယ်မတိုင်ခင် ရင့်ရော်စေလို့ အပြင်ထွက်တိုင်း နေလောင်ခံခရင်မ် မဖြစ်မနေလိမ်းဖို့ အကြံပေးချင်ပါတယ်။
တနေကုန် ပျက်စီးသွားတဲ့ အသားရေတွေကို ပြန်လည်အားဖြည့်ပေးဖို့ Facial Mask တွေက ဒီအသက်အရွယ်တွေ အတွက် အားဆေးပါပဲ။ ငယ်ငယ်တုန်းကလို နေရောင်ထဲတနေကုန်ထွက်ထားလဲ ဘာမှပြန်မလိမ်းပဲ နေလို့ မရတော့ပါဘူး။
ဆယ်ကျော်သက်အရွယ်ကစတင်လို့ ၁၅ နှစ်ကျော်လောက် ပြောင်းလဲလာခဲ့တဲ့ ဟော်မုန်းဓာတ် တွေကြောင့် မျက်နှာ အသားရေပေါ်မှာ ချွေးပေါက်တွေ ကျယ်နေပါပြီ။ ဒါကြောင့်လည်း အလွယ်တကူ ဝက်ခြံထွက်တာ၊ အဆီခဲနဲ့ ဆားဝက်ခြံတွေ ဖြစ်လာရတာပါ။ ဒီဆဲလ်အသေတွေကို ဖယ်ရှားသန့်စင်ပြီး ပြန်လည်အားဖြည့် ပေးဖို့ဆိုရင် Fcial Mask ပုံမှန်ကပ်ပေးသင့်ပါတယ်။
အသက်ကြီးလာတာကို စတင်ပြသလိုက်တဲ့အရာက မျက်လုံးအောက်က အရေးကြောင်းတွေပါ။ တချို့ဆို ငယ် ငယ်ရွယ်ရွယ်နဲ့ မျက်လုံးအရေးကြောင်းတွေဖြစ်လို့ ပုံမှန် အသက်ထက်တောင် ကြီးတယ်လို့ ထင်ရပါတယ်။ ဒီလို မဖြစ်အောင် အသက် ၃၀ အရွယ် မတိုင်ခင်ကတည်းက Eye Cream ကို ညအိပ်ရာမဝင်ခင် လိမ်းပေးဖို့ လိုပါတယ်။ မလိမ်းဖြစ်ခဲ့ရင်တောင် အသက် ၃၀ အရွယ်မှာ မဖြစ်မနေ သုံးသင့်ပါပြီ။
Ref: Dermstore Blog