ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အမည်းကွက်တွေက အလှပျက်စေပါတယ်။ စဖြစ်ခါစ အမည်းစက်လေးတွေကနေ နေရောင်ခြည်ဒဏ်၊ လေထုညစ်ညမ်းမှုတွေကြောင့် တဖြည်းဖြည်းနဲ့ လည်ပင်း၊ လက်၊ မျက်နှာပေါ်တွေမှာ အမည်းကွက်ကြီးတွေ ဖြစ်လာတာပါ။
တချို့ကျတော့လည်း အသက်အရွယ်ကြောင့် ဟော်မုန်းပြောင်းလဲရာကနေလည်း ဖြစ်လာတတ်ပါတယ်။ ပုံမှန်ဆိုရင်တော့ ဒီအမည်းကွက်တွေက ပျောက်ခဲပြီး အချိန်ကြာကြာ ရှိနေတယ်လို့ ထင်ရပေမယ့် ပုံမှန်လုပ်ပေးမယ်ဆိုရင် အချိန်တိုအတွင်း မှေးမှိန် ပျောက်ကွယ်သွားစေမယ့် နည်းလမ်းတွေရှိပါတယ်။
အများစုကတော့ ဒီလိုနေလောင်ကွက် အမည်းတွေ ဖြစ်လာတဲ့အခါ အလှပြင်ပစ္စည်းတွေ အကူအညီနဲ့ ပြန်ကောင်းအောင် လုပ်ကြပါတယ်။ တန်ဖိုးကြီး အလှပြင်ပစ္စည်းတွေ အကူအညီ မယူဘဲ အိမ်မှာပဲ အလွယ်တကူ ရှိတဲ့ မီးဖိုးချောင်သုံး ပစ္စည်းတွေနဲ့လည်း ဖယ်ရှားနိုင်တဲ့ အိမ်တွင်းကုထုံး နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။
ပထမဆုံး နည်းလမ်းက ပင်လယ်ဆား ထမင်းစားဇွန်း ၁ ဇွန်း၊ သံလွင်ဆီ ထမင်းစားဇွန်း ၁ ဇွန်းနဲ့ မုန့်ဖုတ်ဆော်ဒါ ထမင်းစားဇွန်း ၁ ဇွန်းတို့ကို ပန်းကန်တလုံးထဲ ရောထည့်ပြီး သေချာမွှေပါ။ အားလုံးနှံ့အောင်မွှေပြီး ရလာတဲ့ အနှစ်တွေကို အမည်းကွက် ဖြစ်နေတဲ့ နေရာပေါ် သုတ်လိမ်းပြီး မိနစ် ၂၀ လောက် ထားလိုက်ပြီးရင် ရေအေးနဲ့ ပြန်သန့်စင်ပေးပါ။ ပုံမှန်လုပ်ပေးရင် တဖြည်းဖြည်းမှေးမှိန်သွားပါလိမ့်မယ်။
နောက်ထပ် တနည်းကတော့ အခုနည်းထက် နည်းနည်းပိုရှုပ်ပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေက White Clay ၊ နွား နို့နဲ့ သံပုရာသီးရယ် လိုပါတယ်။ White Clay ကို ခွက်တခုထဲအရင်ထည့်လိုက်ပြီး နွားနို့နဲ့ သံပုရာရည်ကိုရော ထည့်ပြီးမွှေပါ။ ရလာတဲ့အနှှစ်ကို အမည်းကွက်ဖြစ်နေတဲ့နေရာကို လိမ်းပေးပါ။ ၁၅ မိနစ်လောက်ကြာရင် ရေအေးနဲ့ ပြန်ဆေးလိုက်ပါ။ ပုံမှန်လုပ်ပေးရင် သိသိသာသာ အမည်းကွက်တွေ မှေးမှိန်သွားပါလိမ့်မယ်။
အပေါ်မှာပြောခဲ့တဲ့ နည်းလမ်း ၂ ခုထဲက အဆင်ပြေမယ့်နည်းလမ်းကို တပတ် ၃ ကြိမ်လောက် ပုံမှန်လုပ်ပေးရုံနဲ့ အလှ ပျက်စေတဲ့ အမည်းကွက်တွေကို မှေးမှိန်ပျောက်ကွယ်သွားပါလိမ့်မယ်။ အသားရေပေါ်မှာ အမည်းကွက်တွေ ဖြစ်နေပြီ ဆိုရင် အကာအကွယ် မပါဘဲ နေရောင်ထဲ ထွက်ခြင်းကို ရှောင်ပါ။ ရေသောက်ခြင်းကလည်း အသားရေ ကြည်လင်စေလို့ ရေများများ သောက်ပါ။
အရေပြား ပြဿနာတွေဟာ အချိန်ယူ ကုသရတာမို့ အသားရေကို စနစ်တကျ ဂရုစိုက်ပါ။ ကိုယ်နဲ့ အဆင်ပြေပြီးသား Skin Care တွေကိုပဲ ဆက်သုံးပါ။ မိတ်ကပ်ကို တတ်နိုင်သမျှ မလိမ်းဘဲနေပါ။ မဖြစ်မနေ လိမ်းရမယ်ဆိုရင်လည်း ခပ်ပါးပါးပဲ လိမ်းပါ။ ဒီလိုသေချာ ဂရုစိုက်ပေးမယ်ဆိုရင် မပျောက်နိုင်ဘူးလို့ ထင်ထားတဲ့ နေလောင်ဒဏ် အမည်းကွက်တွေ အံ့သြသင့်စရာ ပျောက်သွားပါလိမ့်မယ်။
Ref: Ankita Chakraborty