သင်ဟာ စိတ်ဓာတ်ကျခြင်းကို အပြင်းအထန် ခံစားနေရပြီလား။ သင့်ကိုယ်သင် သံသယဖြစ်၊ အားမလို အားမရတွေ ဖြစ်တာကြောင့် စိတ်ညစ်ပြီး အရှုံးပေးဖို့ကို တွေးနေမိပြီဆိုရင် စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး သင့်မှာ အကျင့်ဆိုးတွေ မွေးမြူထားနေမိပါပြီ။
ငယ်ရွယ်စဉ်ကတည်းက တွယ်ကပ်လာတဲ့ ဒီလိုအကျင့်ဆိုးတွေက အသက်အရွယ် ရောက်လာတဲ့အခါ ပိုဆိုးရွားလာပြီး သင့်ကို ထိခိုက်စေပါတယ်။ ဒါကြောင့် ရုပ်ပိုင်းဆိုင်ရာတင်မကဘဲ စိတ်ပိုင်းဆိုင်ရာပါ ကောင်းမွန်တဲ့ အကျင့်လေးတွေ မွေးမြူဖို့ လိုအပ်ပါတယ်။ ဆက်လက် ဆုပ်ကိုင်မထားသင့်တော့တဲ့ စိတ်ပိုင်းဆိုင်ရာ အကျင့်ဆိုး ၆ ချက်ကို ပြောပြပေး သွားပါမယ်။
(၁) အပြစ်ရှိတယ်လို့ ခံစားရခြင်း
မိဘတွေက ကြိုးစားပမ်းစား လုပ်ပေးတာတောင် အမှတ်က ဒီလောက်ပဲ ရရလားဆိုတဲ့ အရာမျိုး ငယ်စဉ်က ခဏခဏ ကြားဖူးကြမှာပါ။ ဒီလိုမျိုး အဖြစ်တွေကြောင့် လွတ်လွတ်လပ်လပ် မပျော်ရဲတာမျိုး၊ ကိုယ့်ဘဝကိုယ် ဘောင်ထဲမှာပဲ ထားပစ် လိုက်တာမျိုး ကြုံဖူးကြမှာပါ။ သင့်ရဲ့ အပြုအမူ တခုကြောင့် သူတပါး စိတ်ထိခိုက်မှာမျိုးကို လိုက်တွေးပေးရင်း ကိုယ်တိုင်က ပျော်ရွှင်မှုကို မရှာရဲတော့တာမျိုးဟာလည်း စိတ်ပိုင်းဆိုင်ရာ အကျင့်ဆိုးတခုပါပဲ။
သူများတွေ ပျော်နေရင်ရပြီဆိုပြီး ကိုယ်တိုင်ရဲ့ ပျော်ရွှင်မှုကို မရှာဖွေတော့တဲ့အခါ နောက်ဆုံးမှာ ဘယ်သူမှ မရှိဘူး အထီးကျန်တယ်ဆိုတဲ့ ခံစားချက်မျိုးကို ရလာတာပါပဲ။
(၂) အရှုံးနဲ့ ပတ်သက်ပြီး အတွေးလွန်ခြင်း
ငယ်စဉ်က သူများနဲ့ ပြိုင်ရင် “နိုင်ကိုနိုင်ရမှ ဖြစ်မယ်” ဆိုတဲ့ အစွဲမျိုး ကြီးလာတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဖြစ်လာပါတယ်။ အမှားတခုကို ကျူးလွန်မိလိုက်တာနဲ့ အကြိမ်ပေါင်းများစွာ တွေးပြီး နောင်တရနေတာဟာ ရှေ့ဆက်မယ့် သင့်ခြေလှမ်းကို နှေးကွေးစေပါတယ်။ ဒီလိုလူမျိုးတွေက ကိုယ့်ရဲ့ အောင်မြင်မှု ၁၀ ခုထက် အရှုံးတခု အပေါ်မှာ စိတ်သောက ရောက်နေတတ်ပါတယ်။ ဒီအရာကို ပြုပြင်ဖို့အတွက် သင်သိထားရမှာက အရှုံးတွေနဲ့ အမှားတွေကသာ သင့်ကို အောင်မြင်မှုလမ်းကြောင်းကို ပို့ဆောင်ပေးနိုင်တယ်ဆိုတာ သတိချပ်ဖို့ပါပဲ။
(၃) ပြီးပြည့်စုံသူဖြစ်လိုခြင်း။
နောက်ထပ် စိတ်ပိုင်းဆိုင်ရာ အကျင့်ဆိုးတခုကတော့ ဘယ်အရာမဆို ပြီးပြည့်စုံအောင် လုပ်ကိုင်ချင်တဲ့သူ (perfectionsit) ဖြစ်လိုခြင်းပါပဲ။ စိတ်ပိုင်းဆိုင်ရာ ပညာရှင်တွေကတော့ perfectionist သမားတွေက စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်ပူပန်မှု ကြားမှာ လွန်ဆွဲရတတ်ပြီး ကိုယ့်ကိုယ်ကို သတ်သေတဲ့အထိ ဖြစ်နိုင်တာကြောင့် အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။ ဒီလို လူတွေအတွက် အမှားတွေကို ကြောက်စရာ အရာလို့ မတွေးသင့်သလို Do or Die ဆိုတာမျိုးကို မေ့ဖျောက်သင့်ပါတယ်။ ကြိုးစားနေတဲ့ အချိန်မှာတင် သင့်ကိုယ်သင် ချီးကျူးနေသင့်ပါတယ်။
(၄) နောင်တတွေနဲ့ နေထိုင်ခြင်း
တချို့က လွန်သွားပြီးမှ အမှားတွေကို နောင်တရတဲ့ စိတ်နဲ့ ရှင်သန်နေတတ်ပါတယ်။ သူ့အပေါ် ဒီလို မလုပ်ခဲ့သင့်ဘူး။ အရင်အချိန်တွေ ပြန်သွားပြီး ပြင်လို့ရရင် ကောင်းမယ်။ ဒီအလုပ်က မထွက်ခဲ့သင့်ဘူးဆိုပြီး လုပ်ခဲ့တဲ့ အရာတွေအပေါ်မှာ နောင်တတွေ ရနေတတ်ပါတယ်။ နောင်တတွေ အပြင်းအထန် ရနေမယ့်အစား လက်ရှိအချိန်ကို အာရုံစိုက်ပြီး ပိုမိုကောင်းမွန်အောင် နေထိုင်သင့်ပါတယ်။ ဒီလိုမျိုး ဖြစ်လာခဲ့ရင်တော့ တရားထိုင်တာက အကောင်းမွန်ဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်။
(၅) သူများတကာနဲ့ နှိုင်းယှဉ်ခြင်း
တချို့က သူများတကာနဲ့ လိုက်နှိုင်းယှဉ်ပြီး နေရာတကာ သိမ်ငယ်နေတတ်ပါတယ်။ မိမိထက် အစစအရာရာ သာနေတယ် ဆိုတာ အမြင်သာဖြစ်ပြီး တကယ့်လက်တွေ့မှာ မဟုတ်ပါဘူး။ လူတိုင်းမှာ အားနည်းချက်ကိုယ်စီ ရှိတတ်ပြီး “အောင်မြင်တယ်၊ ကျရှုံးတယ်၊ လှပတယ်၊ ရုပ်ဆိုးတယ်” ဆိုတာ သင့်ကိုယ်သင် တွေးနေတဲ့ အတွေးအမြင်တခုသာ ဖြစ်ပါတယ်။ တကယ်လို့ နှိုင်းယှဉ်ချင်တယ်ဆိုရင် အရင်တုန်းက သင်နဲ့ ယခု သင်ကိုသာ နှိုင်းယှဉ်သင့်ပါတယ်။
(၆) လူတိုင်းကို စိတ်ကျေနပ်စေခြင်း
သင့်ပတ်ဝန်းကျင်မှာ လူတိုင်းနဲ့ သဟဇာတဖြစ်အောင် နေထိုင်တဲ့သူမျိုးတွေ တွေ့ဖူးကြမှာပါ။ သူတို့ဟာ ကိုယ့်ကိုယ်ကိုထက် သူများကို ဂရုစိုက်နေတာကြောင့် ကိုယ်တိုင်ရဲ့ ပျော်ရွှင်မှုဘာလဲဆိုတာ မသိလောက်အောင် ဖြစ်တတ်ပါတယ်။ လူတိုင်းက ကိုယ့်ကိုချစ်စေချင်တယ်၊ လူတိုင်းကို ကူညီပေးချင်တာကြောင့် ကိုယ့်ကိစ္စတွေ နှောင့်နှေးတာ မျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် မိဘတွေ၊ ဆွေမျိုးတွေရဲ့ ဆန္ဒတွေနဲ့ ကိုယ်ဖြစ်ချင်တဲ့အရာကို နှိုင်းယှဉ်ပြီး ဖြစ်သင့်တာကို ရွေးချယ်ပါ။
ဒီအချက်တွေဟာ သေချာကြည့်မယ်ဆိုရင် လူတိုင်းမှာ ရှိနေနိုင်ပြီး သတိ မမူမိတဲ့ အကျင့်ဆိုးတွေ ဖြစ်တာမို့လို့ အမြန်ဆုံး ဖျောက်ဖျက်ပစ်သင့်ပါတယ်။
Ref ; psychologytoday.com