အမျိုးသမီးတွေအတွက် နေ့စဉ် မရှိမဖြစ် အလှပြင်ပစ္စည်းကို ပြောပါဆိုရင် နှုတ်ခမ်းနီပါ။ ဘယ်လောက်ပဲ မိတ်ကပ်တွေ ပြည့်စုံအောင် ပြင်ထားပါစေ၊ နှုတ်ခမ်းနီ မဆိုးထားရင် ပြည့်စုံတယ်လို့ မဆိုနိုင်ပါဘူး။ တကယ်လို့ မိတ်ကပ်တွေ ပြင်ချင်စိတ် ရှိလို့ ခပ်ပါးပါးပဲ လိမ်းခဲ့ရင်တောင် နှုတ်ခမ်းနီလေး ဆိုးထားလိုက်ရင် ကြည့်ကောင်းနေပါပြီ။
မိန်းကလေးတိုင်းအတွက် မရှိမဖြစ် သွားလေရာ သယ်သွားကြတဲ့ နှုတ်ခမ်းဆိုးဆေးတွေရဲ့ နောက်ကွယ်မှာ မိန်းကလေး အများစု သတိမထားမိကြတဲ့ အန္တရာယ် ဆိုးကျိုးတွေ ရှိနေပါတယ်။
ကောင်းပေ့ဆိုတဲ့ နှုတ်ခမ်းနီတွေမှာတောင် ကင်ဆာရောဂါလို ကြောက်စရာကောင်းတဲ့ ရောဂါတွေ ဖြစ်စေနိုင်တဲ့ အချက်ပါ။ အရောင်လှလှလေးတွေနဲ့ ပျိုမေတွေကို ဖမ်းစားထားတဲ့ နှုတ်ခမ်းနီတွေရဲ့ နောက်ကွယ်မှာ လူကိုအဆိပ်သင့်စေတဲ့ ပစ္စည်းတွေ ပါနေပါတယ်။ အလှကုန်တွေနဲ့ ဓာတ်သတ္တုပစ္စည်းတွေဆိုတာ မကင်းနိုင်ပေမယ့်လည်း လူကို အန္တရာယ် ဖြစ်စေတဲ့ ခရိုမီယမ် (chromium) ၊ ကြေးနီ (copper) ၊ ခဲ (lead) နဲ့ ကဒ်မီယမ် (cadmium) ပါဝင်မှု များနေတဲ့ ပစ္စည်းဆို သတိထား သင့်ပါတယ်။
ကြေးနီနဲ့ ခဲဓာတ် ပါဝင်မှုများတဲ့ နှုတ်ခမ်းနီတွေကို နေ့စဉ် ဆိုးမိတဲ့အခါ အစာအိမ်ကို ထိခိုက်မိပြီး ကင်ဆာရောဂါ ဖြစ်စေပါတယ်။ ဒါ့အပြင် တချို့နှုတ်ခမ်းနီတွေမှာ တွေ့ရတဲ့ လူကို အဆိပ်သင့်စေတဲ့ ဓာတ်ပစ္စည်းတွေ ဆိုရင် အာရုံကြော ထိခိုက်မိလို့ သေချာလေ့လာပြီးမှသာ ဝယ်ယူသုံးစွဲသင့်ပါတယ်။
ထုပ်ပိုးမှုပုံစံ လှလှလေးတွေနဲ့ ပျိုမေတွေ ဝယ်ချင်စိတ်ဖြစ်အောင် ကြော်ငြာနေတဲ့ ဈေးကွက်ထဲက အရောင်းရဆုံးပစ္စည်း ဆိုတိုင်းလည်း မယုံသင့်ပါဘူး။ တချို့သော တံဆိပ်တွေဆိုရင် အပြင်က အပြင်အဆင်ကို လှအောင်လုပ်၊ အရောင် အမျိုးမျိုးနဲ့ ဆိုးချင်လာအောင် ဆွဲဆောင်နေပေမယ့် တကယ်တမ်း အသုံးပြုထားတဲ့ ကုန်ကြမ်းပစ္စည်းတွေက အန္တရာယ်ဖြစ်စေတဲ့ ဓာတ်ပမာဏ များတာကြောင့် အချိန်ကြာလာတာနဲ့အမျှ လူကိုဒုက္ခ ပေးလာပါတယ်။
ဒါဟာ သုံးစွဲသူကိုယ်တိုင်လည်း သတိထားသင့်သလို တာဝန်ရှိသူတွေ ဘက်ကလည်း စားသုံးသူ အခွင့်အရေးအတွက် သက်ဆိုင်တဲ့ ဥပဒေတွေနဲ့ တင်းတင်းကြပ်ကြပ် စိစစ်သင့်ပါတယ်။ လူကိုထိခိုက်စေတဲ့ ဓာတ်ပစ္စည်းပါတဲ့ အလှကုန် ပစ္စည်းတွေကို မကြော်ငြာနိုင်အောင်လည်း ပိတ်ပင်ထားသင့်ပါတယ်။
နှုတ်ခမ်းနီတွေမှာ အနည်းနဲ့ အများ ဓာတုပစ္စည်းတွေပါတာမို့ လုံးဝကင်းစင်တဲ့ ပစ္စည်းဆိုတာ မရှိသလောက်ပါပဲ။ ဒါကြောင့် သုံးတဲ့အခါ အချိန်ကြာကြီး မသုံးစွဲသင့်ပဲ အနည်းဆုံး ၆ လကနေ ၁ နှစ်လောက်ထိပဲ သင့်တော်ပါတယ်။ အပြင်ပန်းအရ ကောင်းနေသေးတယ် ထင်ရင်တောင် အချိန်ကြာတဲ့ နှုတ်ခမ်းနီတွေမှာ မှိုတက်တာမျိုးတွေ ရှိနေနိုင်သလို ခဲဓာတ်တွေကြောင့် နှုတ်ခမ်းသားကို အရင်ထိခိုက်စေပါတယ်။
နှုတ်ခမ်းနီမှာပါတဲ့ ဓာတ်တွေနဲ့ ဓာတ်မတည့်တဲ့သူတွေမှ နှုတ်ခမ်းသားတွေ အဖတ်လိုက်ကွာကျပြီး မဲညစ်လာတာမျိုး၊ နှုတ်ခမ်းသားတဝိုက် အမည်းစက်တွေ ဖြစ်လာပြီဆိုရင် နီးစပ်ရာ ကျွမ်းကျင်ဆရာဝန်တွေဆီ အမြန်ဆုံးသွားပြဖို့ အကြံပြုချင်ပါတယ်။
Ref: Story Stairs