Health

ထောပတ်သီး တလုံးရဲ့ လူသိနည်းကြတဲ့ တန်ဖိုးအရှိဆုံး အပိုင်း

အာဟာရဓာတ် အများဆုံး ပါဝင်တဲ့ အသီးကို ညွှန်ပြရရင် ထောပတ်သီးပါ။ နေ့စဉ် လိုအပ်တဲ့ အမျှင်ဓာတ်၊ သံဓာတ်၊ ဗီတာမင်အီးနဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေ ပါလို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးဆိုရင်လည်း မမှားပါဘူး။ ဒီလို ကျန်းမာရေးနဲ့ သင့်တော်တဲ့ ထောပတ်သီးမှာ အာဟာရဓာတ် အပြည့်ဝဆုံးအပိုင်းကို သိပ္ပံပညာရှင်တွေ လေ့လာ တွေ့ရှိခဲ့ကြပါတယ်။

အံ့သြသင့်စရာ ကောင်းအောင် ထောပတ်သီးတလုံးရဲ့ အာဟာရဓာတ် အပြည့်ဝဆုံးအပိုင်းက လွှင့်ပစ်လိုက်ကြတဲ့ အလယ်အူတိုင် အစေ့ခွံပါတဲ့။ အခုလေ့လာချက် အသစ်ကို ၂၅၄ ကြိမ်မြောက် အမေရိကန် ဓာတုဆေးဝါး အဖွဲ့အစည်းရဲ့ အစည်းအဝေးမှာ ထုတ်ဖော်ပြောကြားလိုက်တာပါ။ ထောပတ်သီး အစေ့ခွံထဲမှာပါတဲ့ ဓာတ်ပေါင်းတွေကို “ဆေးကုသမှု ဆိုင်ရာ ရွှေတွင်းကြီး” လို့တောင် တင်စားလိုက်ကြတာပါ။

ဒါဟာ ရောဂါပိုးမွှားတွေကို ကုသဖို့အတွက် နောက်ထပ် နည်းလမ်းအသစ်ရဲ့ ပထမအစ ခြေလှမ်းလည်း ဖြစ်လာ နိုင်ပါတယ်။ ထောပတ်သီး အစေ့ခွံထဲမှာ ပါတဲ့ ဓာတ်ပေါင်းတွေက တကယ်ပဲ ရောဂါတွေကို ကာကွယ်နိုင်ပေးနိုင်တဲ့ ဆေးဝါးတွေ ဖြစ်လာနိုင်ဆိုတော့ မဟုတ်သေးပါဘူး။ ရေမွှေး၊ အလှကုန်ပစ္စည်းနဲ့ တခြား လူသား အကျိုးပြုပစ္စည်းတွေ အဖြစ်လည်း ထုတ်လုပ်လာနိုင်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာအနှံ့မှာ ထောပတ်သီး တန်ချိန် ၅ သန်းလောက်ကို နှစ်စဉ်စိုက်ပျိုး ရောင်းချနေကြတာပါ။ များသောအားဖြင့်တော့ ထောပတ်သီးအစေ့ကို အသုံးမဝင်ဘူး ထင်ပြီး လွှင့်ပစ်နေကြဆဲပါ။ တချို့ လုပ်ငန်းတွေကတော့ ဒီအစေ့က တဆင့် အဆီ ထုတ်ယူတာမျိုးတော့ ရှိကြပါတယ်။

ဒီလေ့လာတွေ့ရှိချက်ကို တင်ပြနိုင်ဖို့ သိပ္ပံပညာရှင်တွေဟာ ထောပတ်သီး အစေ့ပေါင်း ၃၀၀ ကျော်လောက်ကို အခြောက်ခံ အစေ့ခွံကိုချွတ်၊ အမှုန့်ဖြစ်အောင်ကြိတ်ပြီး လေ့လာခဲ့ကြတာပါ။ ထောပတ်သီး အစေ့မှုန့်က တဆင့် အဆီနဲ့ ဖယောင်း အထိ ဖြစ်အောင် ထုတ်လုပ်နိုင်တဲ့ ဓာတ်ပေါင်းတွေကိုပါ တွေ့ရှိခဲ့ကြပါတယ်။

ထောပတ်သီး အစေ့ခွံရဲ့ ဓာတ်ပေါင်းထဲမှာပါတဲ့ Heptacosane က ကင်ဆာရောဂါဖြစ်စေတဲ့ ဆဲလ်တွေ ကြီးထွား မလာအောင်နဲ့ မပြန့်နှံ့အောင် တားဆီးကာကွယ် ပေးနိုင်တဲ့အပြင် ခန္ဓာကိုယ်တွင်း ကောင်းတဲ့ ကိုလက်စထရောတွေ များလာစေပြီး နှလုံးသွေးကြောကျဉ်းခြင်း မဖြစ်အောင် ကာကွယ်ပေးတဲ့ ဓာတ်တချို့ကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

လူကို အကျိုးပြုတဲ့ ဓာတ်ပေါင်း ၁၆ မျိုးကို ထောပတ်သီးအစေ့ခွံထဲမှာ လေ့လာတွေ့ရှိခဲ့ပြီး ဆေးဝါးအပြင် တခြား အထောက်အကူပြု ပစ္စည်းတွေမှာပါ ကုန်ကြမ်းအဖြစ်သုံးနိုင်တဲ့ဓာတ်ပေါင်းတွေပါ ရှိနေသေးတယ်လို့ ဆိုပါတယ်။

“တော်တော်များများကတော့ ထောပတ်သီးအစေ့ခွံကို အသုံးမလိုတဲ့ အမှိုက်လို့ ထင်ခဲ့ကြမှာပါ။ ဒါကို တကယ်တော့ တင်စားရရင် ဆေးပညာရဲ့ ရွှေတွင်းလိုပဲ အရမ်းအဖိုးတန်တဲ့ ပစ္စည်းတခုပါ။ အခုထက်ထိ အဖြေရှာမတွေ့သေးတဲ့ ကင်ဆာရောဂါ၊ နှလုံးရောဂါနဲ့ တခြားရောဂါ အခြေအနေတွေအတွက် အဖြေဖြစ်လာနိုင်တဲ့ အရာတခုပါ” လို့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။

Ref: Elite Readers

Loading