ကိုယ်အလေးချိန် လျှော့ချနေပေမယ့် လျော့ကျ မလာတဲ့အပြင် တဖြည်းဖြည်းနဲ့ ကိုယ်အလေးချိန် မြင့်တက်လာနေတယ် ဆိုရင်တော့ အခုဖော်ပြပေးမယ့် အမူအကျင့်တွေ ပြုလုပ်နေမိပြီလား ဆိုတာကို ဆန်းစစ်ကြည့်သင့်ပါတယ်။
(၁) အိပ်ရာမဝင်ခင် အစာစားခြင်းဟာ စားလိုက်တဲ့ အစားအစာတွေဆီက အဆီတွေနဲ့ ကယ်လိုရီတွေကို ချေဖျက်ဖို့ အားနည်းတာကြောင့် ခန္ဓာကိုယ် အလေးချိန်ကို မြင့်တက်လာစေနိုင်ပါတယ်။
(၂) အိပ်ချိန် အလုံအလောက် မရှိခြင်းဟာ ဆာလောင်မှုကို ဟန့်တားပေးနိုင်တဲ့ Leptin ဟော်မုန်းပမာဏကို လျော့နည်း စေပြီး ဆာလောင်မှုကို လှုံ့ဆော်ပေးတဲ့ Ghrelin ပမာဏကို မြင့်တက်စေတာကြောင့် ခန္ဓာကိုယ်အလေးချိန်ကို မြင့်တက် စေနိုင်ပါတယ်။
(၃) စိတ်ဖိစီးမှုများခြင်းနဲ့ စိုးရိမ်ပူပန်မှုများခြင်းဟာ အစားအစာတွေကို ထင်သလို စားမိစေတာကြောင့် ခန္ဓာကိုယ် အလေးချိန် မြင့်တက်စေနိုင်တဲ့ အကြောင်းအရာတွေထဲက တခု ဖြစ်ပါတယ်။
(၄) လေ့လာချက်တွေအရ အစာစားနေစဉ် တီဗီကြည့်ခြင်း၊ ဖုန်းအသုံးပြုခြင်းတို့ဟာ စားနေကျထက် ပိုမိုပြီး စားသုံးမိ စေတာကြောင့် ကိုယ်အလေးချိန်တက်ဖို့ ၅၀ ရာခိုင်နှုန်း သေချာတယ်လို့ ဆိုပါတယ်။
(၅) အစားအစာတွေကို သေချာစွာ မဝါးဘဲ မြန်မြန်စားခြင်းဟာ ကိုယ်အလေးချိန်ကို မြင့်တက်လာစေနိုင်ပါတယ်။ အစား မြန်မြန်စားခြင်းကြောင့် ဦးနှောက်ဆီက ဗိုက်ပြည့်နေကြောင်း အချက်ပြတဲ့ ဟော်မုန်းထွက်နှုန်းတွေ လျော့ကျသွားပြီး အစားအစာတွေကို များများစားမိ စေနိုင်ပါတယ်။
(၆) မနက်စာ မစားခြင်းဟာ ခန္ဓာကိုယ်အလေးချိန် လျှော့ချဖို့ အထောက်အကူ မပြုတဲ့အပြင် သင့်တနေ့တာရဲ့ စားသောက်မှုပုံစံမှာ အစားအစာတွေကို ပုံမှန်ထက်ပိုပြီး စားမိစေနိုင်ပါတယ်။
(၇) အချိန်မှန်မှန် အစာမစားခြင်းဟာ နောက်တကြိမ် အစာစားတဲ့အခါ ပိုမိုစားမိစေတတ်တာကြောင့် ကယ်လိုရီတွေ တက်လာစေနိုင်သလို အစာစားချင်စိတ်ကိုလည်း မြင့်တက်စေနိုင်တာကြောင့် ကိုယ်အလေးချိန်ကို မြင့်တက်စေနိုင်ပါ တယ်။
Ref : steptohealth.com