အစားအစာတိုင်းလိုလိုမှာ ပါဝင်တဲ့ ဆားကို လွန်လွန်ကဲကဲ စားသုံးမယ်ဆိုရင် ဦးနှောက်ကို ပျက်စီးနိုင်ခြေများတယ်လို့ အမေရိကန်နိုင်ငံက ပြုလုပ်တဲ့ သုတေသန လေ့လာချက်တွေက ဆိုပါတယ်။ ဆားဓာတ် ပါဝင်မှုများတဲ့ အစားအစာတွေကို မကြာခဏ စားသုံးခြင်းဟာ ဦးနှောက်အတွင်းက အောက်ဆီဂျင် ဓာတ်တွေကို ခမ်းခြောက်သွားစေနိုင်ပြီး ခန္ဓာကိုယ်ရဲ့ ခုခံ အားစနစ်ကိုလည်း ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။
သုတေသနပြုချက်တွေအရ ဆားဓာတ် လွန်ကဲစွာ ပါဝင်တဲ့ အစားအစာတွေ စားသုံးခြင်းဟာ ဦးနှောက်တွင်း သွေးစီးဆင်းမှုကို လျော့ကျစေတာကြောင့် ဦးနှောက်ရဲ့ မှတ်ယူနိုင်စွမ်းနဲ့ သင်ယူနိုင်စွမ်းတွေကိုပါ လျော့ပါးစေနိုင်တယ်လို့ ဆိုပါတယ်။ စစ်တမ်း ကောက်ယူချက်တွေအရ အမေရိကန်နိုင်ငံရဲ့အရွယ်ရောက်ပြီးသူ ၄၀ ရာခိုင်နှုန်းဟာ ဆားဓာတ် လွန်ကဲတဲ့ အသင့်စား အစားအစာတွေ စားသုံးမှုများခြင်းကြောင့် ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာရောဂါတွေ ဖြစ်ပွားလျက် ရှိတယ်လို့ ဖော်ပြထားပါတယ်။
ဆားဓာတ်လွန်ကဲတဲ့ အစားအစာတွေ စားသုံးမှုကြောင့် ဦးနှောက်အတွင်း အောက်စီဂျင်ဓာတ် နည်းပါးလာရာကနေတဆင့် အယ်လ်ဇိုင်းမား ရောဂါအပါအဝင် Dementia လို့ခေါ်တဲ့ ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါတမျိုးကို ဖြစ်ပေါ်စေနိုင် ပါတယ်။ ဆားဓာတ်များများ စားသုံးခြင်းကြောင့် ခန္ဓာကိုယ်တွင်း သွေးကြောတွေထဲမှာရှိတဲ့ endothelial ဆဲလ်တွေရဲ့ စွမ်းဆောင်ရည်ကို လျော့ကျစေပြီး အာရုံကြောစနစ်တွေကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
စားနေကျ အစားအစာတိုင်းမှာ ပါဝင်တဲ့ ဆားကို လုံးဝမစားရတာမျိုး မဟုတ်ပေမယ့် ဆားများများ စားလေ ဦးနှောက်တွင်းက အောက်ဆီဂျင်ဓာတ်ကို ခြောက်ခမ်းစေနိုင်လေ ဖြစ်စေတာကြောင့် တနေ့ကို ဆားပမာဏ လက်ဖက်ရည်ဇွန်း တဇွန်းရဲ့ သုံးပုံတပုံခန့်ကိုသာ စားသင့်တယ်လို့ ဆေးပညာရှင်တွေက အကြံပြုထားပါတယ်။
Ref ; www.elitereaders.com