ဝမ်းသာတဲ့အခါမှာပဲ ဖြစ်ဖြစ်၊ဝမ်းနည်းတဲ့အခါမှာပဲ ဖြစ်ဖြစ် လူအများစုဟာ ငိုကြွေးလေ့ရှိကြပါတယ်။ ငိုကြွေးခြင်းဟာ လူအများစု သိထားသလို စိတ်ဓာတ် ပျော့ညံတာမျိုး မဟုတ်ကြောင်းကို လေ့လာတွေ့ရှိမှုတွေက သက်သေပြလိုက်ပြီး ငိုကြွေးခြင်းဟာ စိတ်ကျန်းမာရေးကို ဘယ်လိုတွေအထောက်အကူ ဖြစ်စေနိုင်လဲဆိုတာ ဧရာဝတီ စာဖတ်ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
(၁) သင့်မှာ စိတ်ဖိစီးမှုတွေနဲ့ ပြည့်နေပြီး ဖွင့်ပြောပြစရာ အရင်းနှီးဆုံးသူလည်း မရှိတဲ့အခါ ငိုကြွေးခြင်းက သင့်ရဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်မှာပဲ ဖြစ်ပါတယ်။ ငိုကြွေးတဲ့အခါ ထွက်တဲ့ မျက်ရည်မှာ Adrenocorticotropin လို့ခေါ်တဲ့ ဟော်မုန်း တမျိုးပါဝင်ပြီး အဲဒီဟော်မုန်းဟာ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။
(၂) သင်ချစ်ရတဲ့ လူတယောက်ယောက် ဆုံးရှုံးရတဲ့အခါမျိုးမှာ ငိုကြွေးလိုက်ခြင်းဟာ သင့်စိတ်ထဲက နာကျင်မှုတွေကို သက်သာစေနိုင်တယ်လို့ လေ့လာတွေ့ရှိချက်တွေက ဆိုပါတယ်။ အားရပါးရ ငိုကြွေးလိုက်ခြင်းဟာ စိတ်ထဲက မကောင်းတဲ့ ခံစားချက်တွေကို ဖယ်ရှားလိုက်သလို ဖြစ်သွားတာကြောင့် စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေကို သက်သာစေတာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။
(၃) ငိုကြွေးနေတဲ့အခါမှာ ဦးနှောက်က Endorphins လို့်ခေါ်တဲ့ ဟော်မုန်းတမျိုးထွက်ရှိလာပြီး အဲဒီဟော်မုန်းဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို များစွာအထောက်အကူဖြစ်စေပါတယ်။ သိပ္ပံနည်းကျ လေ့လာချက်တွေက Endorphins ဟော်မုန်းကို Natural Pain Killer (သဘာဝအကိုက်အခဲပျောက်ဆေး) လို့တောင် တင်စားခေါ်ဝေါ်ကြပြီး စိတ်ကျန်းမာရေး အတွက် အကျိုးကျေးဇူးတွေများလှတယ်လို့ ဆိုပါတယ်။
(၄) ငိုကြွေးတဲ့အခါ ထွက်လာတဲ့ မျက်ရည်တွေဟာ မျက်လုံးအတွင်းမှာရှိတဲ့ အကျိအချွဲတွေကို ဖယ်ရှားပေးနိုင်တာကြောင့် သင့်ရဲ့အမြင်အာရုံကို ပိုမိုကြည်လင်စေနိုင်မှာ ဖြစ်ပါတယ်။
(၅) ငိုကြွေးခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို ဖွင့်ထုတ်လိုက်သလို ဖြစ်တာကြောင့် စိတ်ကျရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်ပါတယ်။ စိတ်ရောဂါကုဆရာဝန်တွေရဲ့ ပြောကြားချက်တွေအရ အားရပါးရငိုကြွေးသူတွေဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြသနာတွေ ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းအထိ လျော့ကျနိုင်တယ်လို့ ဆိုပါတယ်။
Ref : steptohealth.com