သရေစာအဖြစ် လူအများစု နှစ်နှစ်ခြိုက်ခြိုက် စားသုံးလေ့ရှိကြတဲ့ နေကြာစေ့ဟာ တခြားသော သာမန် သရေစာတွေလိုမျိုး မဟုတ်ဘဲ ခန္ဓာကိုယ် အလှအပ အတွက်ရော ကျန်းမာရေးအတွက်ပါ အကျိုးပြုပေးပါတယ်။ ဒါကြောင့်မို့လို့ နေကြာစေ့ စားသုံးခြင်းကနေ ရရှိမယ့် အကျိုးကျေးဇူးတွေကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ရေးသားဖော်ပြ လိုက်ပါတယ်။
(၁) နေကြာစေ့ဟာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ မကြာခဏ ဝမ်းချုပ်တတ်သူတွေ အနေနဲ့ တနေ့ကို နေကြာစေ့ လက်တဆုပ်ခန့် ပုံမှန် စားသုံပေးခြင်းက ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်မှာ ဖြစ်ပါတယ်။
(၂) နေကြာစေ့မှာ ပါဝင်တဲ့ ဗီတာမင်စီ၊ ဗီတာမင်အီးနဲ့ phytosterols ဓာတ်တွေဟာ ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ ကိုလက်စထရောတွေကို လျော့ကျစေတာကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါအပြင် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေနဲ့ လေဖြတ်နိုင်ခြေတို့ကို လျော့နည်းစေပါတယ်။
(၃) လေ့လာချက်တွေအရ နေကြာစေ့မှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်၊ မဂ္ဂနီဆီယမ်နဲ့ ကယ်လ်ဆီယမ် ဓာတ်တွေဟာ အာရုံကြောစနစ်ကိုကောင်းမွန်စေပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြသနာတွေ ဖြစ်ပေါ်ခြင်းကနေ ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ နေကြာစေ့မှာပါဝင်တဲ့ သတ္တုဓာတ်တွေ ဟာလည်း ညဘက်နှစ်ခြိုက်စွာ အိပ်မပျော်ခြင်းတွေကို ကာကွယ်ပေး နိုင်ပါတယ်။
(၄) နေကြာစေ့ထဲမှာ သွေးတွင်းက မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေတဲ့ fatty acid ပါဝင်တာကြောင့် ကိုယ်အလေးချိန်လျှော့ချနေသူတွေအတွက် အထူးပဲ သင့်တော်ပါတယ်။
(၅) နေကြာစေ့ထဲမှာ ပါဝင်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေဟာ အသားအရေပေါ်မှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှား ပေးနိုင်ပြီး အသားအရေကို ကြည်လင်ဝင်းပစေနိုင်ပါတယ်။ နေကြာစေ့မှာပါဝင်တဲ့ ပရိုတင်းဓာတ်ကလည်း ဆံသားကို အားဖြည့်ပေးနိုင်တာကြောင့် ဆံသားနှစ်ခွဖြစ်ခြင်းနဲ့ ခြောက်သွေ့ကြမ်းတမ်းခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။
Ref : www.beautyepic.com