ညဘက်မှာ စိတ်ညစ်စရာ၊ စိတ်ဖိစီးမှုတွေကြောင့် အိပ်မပျော်တာမျိုး ဖြစ်တတ်ပါတယ်။ အလုပ်တွေ များလွန်းလို့ အချိန်ကုန်ပြီး အိပ်ရေး မဝတဲ့အခါ နောက်တနေ့မှာ မလန်းဆန်းဘဲ တနေ့တာကို ဖြတ်သန်းရတတ်ပါတယ်။ ဒါကြောင့် အိပ်ရေးပျက်ပြီး ငူငူငိုင်ငိုင်နဲ့ အာရုံစူးစိုက်လို့ မရတာမျိုး မဖြစ်ရအောင် စမ်းကြည့်နိုင်မယ့် နည်းလမ်းတွေ ဝေမျှပေးလိုက်ပါတယ်။
(၁) ရေများများ သောက်ပါ
ရေဓာတ် မပြည့်ဝတဲ့အခါ လူကအလိုလို နွမ်းနယ်နေပါတယ်။ ဒါကြောင့် လူ ကနုံးချိနေတဲ့အခါ ရေများများ သောက်ပေးပါ။ ဒီလိုလုပ်ခြင်းအားဖြင့် သင်ကိုယ်တိုင် တက်ကြွပြီး လန်းဆန်းနေပါလိမ့်မယ်။
(၂) သွေးလည်ပတ်မှု ကောင်းပါစေ
တက်ကြွနေချင်ရင် လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် အင်အားတိုးစေပြီး Adrenaline Level ကို တိုးစေတာကြောင့် ဇီဝကမ္မဖြစ်ပျက်မှုကို မြန်ဆန်စေပါတယ်။ ညဘက်မှာ ကောင်းကောင်း အိပ်ပျော်ချင်သူတွေ ကလည်း လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။
(၃) အဆီများတဲ့ အစာတွေ ရှောင်ပါ
အဆီအဆိမ့်များတဲ့ အစာတွေက သင့်ကို လေးလံထိုင်းမှိုင်းစေတာကြောင့် အဆီနည်းတဲ့အရွက်၊ သစ်သီး ဖျော်ရည်တို့ကိုသာ စားသုံးပါ။ ပြီးတော့ အသင့်စားအစာနဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ် များတဲ့ အစာတွေကို ရှောင်ပါ။
(၄) အပြင်သွားပါ
နေရောင်ခြည်က ဗီတာမင်ဒီ နဲ့ ဘီ Level ကို တိုးစေတဲ့အတွက် နေ့ခင်းနေ့လည် အိပ်ချင်စိတ် ဖြစ်တာမျိုးကို လျော့နည်းစေပါတယ်။
(၅) ရေအေးအေးနဲ့ ချိုးပါ
ရေအေးအေးကလည်း သင့်ခန္ဓာကိုယ်ကို နိုးကြွား တက်ကြွစေပါတယ်။ တကယ်လို့ အလုပ်မှာ အိပ်ငိုက်တဲ့အခါ ရေအေးအေးနဲ့ မျက်နှာသစ်ကြည့်ပါ။
(၆) အာရုံပြောင်းပါ
အရမ်းအိပ်ချင်စိတ်ပေါ်လာတဲ့အခါ နေရာရှင်းတာမျိုး၊ လုပ်ဖော်ကိုင်ဖက် (သို့မဟုတ်) သူငယ်ချင်းတွေနဲ့ ဟာသတွေ ပြောတာမျိုးလည်း လုပ်နိုင်ပါတယ်။ တချို့က ကိုယ်အရမ်း စိတ်ဝင်စားတဲ့ ဂိမ်းကို ခဏလောက် ဆော့တာမျိုး လုပ်ပါတယ်။
(၇) ပီကေဝါးပါ (သို့မဟုတ်) အိပ်ပါ
ပီကေစားခြင်းကလည်း သင့်ကိုအိပ်ချင်စိတ်လျော့နည်းစေပါလိမ့်မယ်။ ဒါမှမဟုတ် အရမ်းအိပ်ချင်နေပြီဆိုရင် ၁၅ မိနစ်လောက် မှေးလိုက်တာနဲ့ အိပ်ရေးဝသွားသလို ခံစားရမှာပဲ ဖြစ်ပါတယ်။
(၈) အရေးကြီးမှုအဆင့်ကို ခွဲထားပါ
အလုပ်မှာ ဘယ်အရာတွေက အရေးကြီးပြီး ပြီးမြောက်ဖို့လိုသလဲ ခွဲတမ်းချပါ။ နေရာတကာကို လိုက်စိတ်ပူနေရင် သင်ပိုပြီး မလန်းမဆန်းဖြစ်နိုင်ပါတယ်။ ကိုယ်ရေးကိုယ်တာ ပြဿနာကြောင့်လည်း စိတ်ဖိစီးမှု မရအောင် ဂရုစိုက်ပါ။
အိပ်ရေးမဝတဲ့ နေ့ရက်တွေကို ဒီလိုနည်းလမ်းတွေနဲ့ ရင်ဆိုင်ပြီး ပျော်ရွှင်စွာ ဖြတ်သန်းကြည့်ပါ။