လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးခြင်းဟာ ခန္ဓာကိုယ် အချိုးအစား ပြေပြစ်စေရုံသာမက ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း များတယ်ဆိုတာ အားလုံး သိပြီးသား ဖြစ်ကြမှာပါ။ အခု ဖော်ပြပေးမှာကတော့ နှစ်သက်ရာ ပုံမှန်လေ့ကျင့်ခန်းလေး ပြုလုပ်ပေးရုံနဲ့ ကုသပျောက်ကင်းဖို့ခက်တဲ့ ကင်ဆာရောဂါ ဝေဒနာတွေကို ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ အကြောင်းကို ဖော်ပြပေးမှာပဲ ဖြစ်ပါတယ်။
(၁) ကမ္ဘာပေါ်မှာ အဖြစ်အများဆုံးလို့ ပြောလို့ရတဲ့ ရင်သားကင်ဆာကို နေ့စဉ်ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းကနေ ကာကွယ်ပေးနိုင်တယ်လို့ ၂၀၀၉ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသန လေ့လာချက်တွေက ဆိုပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းကြောင့် ရင်သားကင်ဆာကိုဖြစ်ပေါ်စေတဲ့ ရင်သားတွင်းက အကျိတ်အဖုတွေကို လျော့ကျစေနိုင်ပြီး ဟော်မုန်း level ကို ထိန်းညှိပေးနိုင်ပါတယ်။
(၂) အဖြစ်အများဆုံးနဲ့ အသေအပျောက်အများဆုံး ကင်ဆာရောဂါတမျိုးဖြစ်တဲ့ အဆုတ်ကင်ဆာရောဂါကို လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းအားဖြင့် ဖြစ်ပွားနိုင်ခြေကို ၄၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်တယ်လို့ အမေရိကန်ဆေးပညာရှင်တွေရဲ့ လေ့လာချက်တွေမှာ ဖော်ပြထားပါတယ်။
(၃) နိုင်ငံလုံးဆိုင်ရာကင်ဆာအဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်တွေအရ တကမ္ဘာလုံးကအမျိုးသမီးတွေရဲ့ ၂.၈ ရာခိုင်နှုန်းဟာ ဦးနှောက်အကြိတ် ကင်ဆာရောဂါ ခံစားနေရပြီး လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းအားဖြင့် ဦးနှောက်ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။
(၄) တနေ့ကို တနာရီခွဲခန့် လမ်းပုံမှန်လျှောက်ပေးရုံနဲ့ အူမကြီးကင်ဆာဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ အမေရိကန် ကင်ဆာအဖွဲ့အစည်းရဲ့ လေ့လာချက်တွေက ဆိုပါတယ်။ အူမကြီးကင်ဆာရောဂါခံစားနေရတဲ့ လူအယောက် ၂၃၀၀ ခန့်ကို လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခိုင်းတဲ့အခါ ကင်ဆာဆဲလ်တွေ ပျံ့နှံ့မှုကိုပါ လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။
(၅) ဦးနှောက်ကင်ဆာဝေဒနာခံစားနေရတဲ့ လူနာတွေမှာ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးတဲ့ လူနာတွေက သက်တမ်း ပိုရှည်ကြပြီး လေ့ကျင့်ခန်းမလုပ်သူတွေက စောလျင်စွာ သေဆုံးကြတယ်လို့ ၂၀၁၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ကင်ဆာအဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်တွေက ဆိုပါတယ်။
(၆) Cornell တက္ကသိုလ်က ဇီဝဆေးပညာသုတေသီတွေရဲ့ လေ့လာချက်တွေအရ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးခြင်းဟာ အရိုးအဆစ်တွေကို သန်မာစေပြီး အရိုးကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။
Ref : www.rd.com