စပ်တဲ့အရသာကို ဘယ်အချိန်မှာ တောင့်တကြလဲ။ တကယ်တော့ စပ်တဲ့အစားအစာတွေကို စားလိုက်တဲ့အခါ ခံတွင်းတခုလုံး ပူလောင်သွားပေမယ့် လက်က မချဘဲ ဆက်စားမိနေတတ်ပါတယ်။ အစပ် မကြိုက်တဲ့သူတောင် မြင်လိုက်တာနဲ့ သွားရည်ကျပြီး စားချင်စိတ်လေးတော့ ဖြစ်မိသွားမှာပါ။
“အစားလည်း ဆေး၊ ဆေးလည်းအစာ” ဆိုတဲ့အတိုင်း အစပ်စာတွေစားတိုင်း မကောင်းတာမဟုတ်ပါဘူး။ အစပ်စာတွေမှာလည်း သူ့အကျိုးကျေးဇူးနဲ့သူ ရှိပါတယ်။ လူတွေက အစပ်အရသာမှန်း သိသိကြီးနဲ့ ဘာလို့ စွဲစွဲမက်မက် စားကြသလဲ။ ဒါက ကြောက်စရာကောင်းလောက်အောင် လန့်စေနိုင်တဲ့ ရိုလာကိုစတာ စီးတဲ့သူတွေနဲ့ အမောဖောက်တဲ့ထိ တရစပ် ပြေးရတဲ့ မာရသွန် အပြေးသမားတွေလိုပဲ။ လူကိုစွဲလန်းစေတဲ့ ဆွဲဆောင်မှုတွေ ရှိနေလို့ပါ။
အစပ်အရသာလို့ ဆိုတာနေရာမှာ ငရုတ်သီး တခုတည်း မဟုတ်ပါဘူး။ အနံ့ပြင်းပြင်းနဲ့ ပူစပ်စပ်အရသာရှိတဲ့ ဟင်းခတ် အမွှေးအကြိုင် ငရုတ်ကောင်းမှုန့်၊ ဆနွင်းမှုန့်၊ ငရုတ်သီးမှုန့်တွေလည်း အကျုံးဝင်ပါတယ်။အကျုံးဝင်ပါတယ်။
လေ့လာတွေ့ရှိချက်တွေအရ စပ်တဲ့ အစားအစာတွေကို စွဲစွဲမက်မက်စားသူတွေဟာ ပုံမှန်လူတွေထက် ကိုယ်အလေးချိန် ပိုကျတယ်လို့ ဆိုပါတယ်။ ငရုတ်သီးထဲမှာပါတဲ့ အဓိက ကွန်ပေါင်းတမျိုးဖြစ်တဲ့ Capsaicin ဟာ ကိုယ်ထဲက အဆီတွေကို မိနစ် ၂၀ အတွင်း ချေဖျက်ပေးနိုင်စွမ်းရှိပါတယ်တဲ့။ ဒါကြောင့် ကိုယ်အလေးချိန်ချနေတဲ့ သူတွေဆိုရင် အစပ်များများပါတဲ့ အစားအစာတွေကို ရွေးစားသင့်ပါတယ်။
နောက်ထပ် လေ့လာချက်တခုမှာတော့ အစပ်စားတဲ့သူတွေဟာ သာမန်သူတွေထက် နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေ လျော့နည်းတာ တွေ့ရပါတယ်။ ဒါဟာ ငရုတ်သီးမှာပါတဲ့ဓာတ်တွေက နှလုံးက မကောင်းတဲ့ကိုလက် စထရော (LDL) တွေကို ချေဖျက်ပေးလိုက်လို့ပါ။
အမေရိကန်ကင်ဆာသုတေသနအဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်အရ ငရုတ်သီးမှာပါတဲ့ Capsicin ဓာတ်ဟာ အဆီတွေ ချေဖျက် ပေးနိုင်ရုံတင်မကပဲ သွေးဖြူဥများလို့ ဖြစ်တတ်တဲ့ သွေးကင်ဆာနဲ့ တခြားကင်ဆာဆဲလ်တွေကိုပါ တိုက်ဖျက်ပေးနိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။ ပူစပ်စပ်အရသာရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေထဲမှာပါတဲ့ ဓာတ်တွေကလည်း ကင်ဆာဆဲလ် ပြန့်ပွားနှုန်းကို နှေးကွေးစေပါတယ်။ ဒီသက်ရောက်မှုဟာ ကင်ဆာဝေဒနာသည်တွေ ကို ကုသနေတဲ့ ကင်ဆာဆေးတွေရဲ့ အကျိုးသက်ရောက်မှုနှုန်းနဲ့ တူတယ်လို့ ဆိုပါတယ်။
ငရုတ်သီးမှာပါတဲ့ ဗီတာမင်အေနဲ့ ဗီတာမင်စီက နှလုံးကြွက်သားတွေကို သန်မာစေသလို ငရုတ်ကောင်းမှုန့်မှာပါတဲ့ ဓာတ်တွေကတော့ ခန္ဓာကိုယ်တလျှောက် သွေးလည်ပတ်နှုန်းကောင်းစေပါတယ်။
စိတ်ဖိစီးမှုများနေတဲ့အခါ (သို့မဟုတ်) စိတ်ရှုပ်ထွေးနေတဲ့အခါမျိုးမှာ အစပ်ကို ပိုတောင့်တတတ်ကြပါတယ်။ ပူစပ်စပ် အစာတွေ စားပြီး ချွေးထွက်သွားတဲ့အခါ စိတ်ပေါ့ပါးသွားသလို ခံစားရတာက အစပ်ထဲမှာပါတဲ့ ဓာတ်တမျိုးက ကိုယ်ခန္ဓာအတွက် ကောင်းတဲ့ Serotonin ဟော်မုန်းကို ထွက်စေတာကြောင့်ပါတဲ့။
Ref: SELF