ညဘက်တွေမှာ အိပ်ရာစောစော ဝင်ပြီး လုံလောက်တဲ့ အိပ်စက်ချိန်နဲ့ အပြည့်အဝ အိပ်စက်ပေမယ့် မနက် အိပ်ရာက နိုးတဲ့အခါ စိတ်မကြည်မလင်နဲ့ လေးလံ ထိုင်းမှိုင်းနေတာမျိုးကို ခံစားဖူးကြမှာပါ။ သင့်အနေနဲ့ ဒီလို မကြာခဏ ခံစားနေတယ်ဆိုရင်တော့ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို သိရှိနိုင်အောင်လို့ ဖော်ပြ ပေးလိုက်ပါတယ်။
(၁) သင့်မှာ အိပ်စက်ချိန် အလုံအလောက် ရှိနေပေမယ့် အိပ်စက်တဲ့ အနေအထား မမှန်ကန်တာတွေကြောင့် အိပ်ရာကနိုး တဲ့အခါ လေးလံထိုင်းမှိုင်း နေတတ်တာပဲ ဖြစ်ပါတယ်။ အိပ်စက်တဲ့အခါ ခန္ဓာကိုယ်ကို တဖက်တည်းပဲ စောင်းအိပ်တာမျိုးနဲ့ မလှုပ်မယှက် အနေအထားနဲ့ အိပ်စက်တဲ့ ပုံစံမျိုးတွေဟာ လည်ပင်းနာခြင်း ၊ ကျောရိုးနာကျင်ခြင်းတွေအပြင် ကိုယ်လက် နာကျင်ကိုက်ခဲတာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။
(၂) ညဘက် အိပ်ရာမဝင်ခင်မှာ အီလက်ထရွန်းနစ် ပစ္စည်းတွေဖြစ်တဲ့ မိုဘိုင်းဖုန်း အသုံးပြုခြင်းတွေ အပါအဝင် တီဗီကြည့်တာနဲ့ ဂိမ်းဆော့တာတွေဟာ မနက် အိပ်ရာနိုးတဲ့အခါ သင့်ကို လေးလံထိုင်းမှိုင်းစေတဲ့ အချက်ပဲ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းနဲ့ တီဗီကနေ ရောင်ပြန်တဲ့ အလင်းရောင်တွေဟာ အိပ်စက်တဲ့အချိန်မှာထွက်တဲ့ Melatonin ဟော်မုန်း ထွက်ရှိခြင်းကို လျော့နည်းစေပြီး Melatonin ဟော်မုန်း ထွက်ရှိမှု နည်းတဲ့အခါ စိတ်မကြည်မလင်ဖြစ်ခြင်းနဲ့ လေးလံထိုင်းမှိုင်းခြင်း တွေကို ဖြစ်စေပါတယ်။
(၃) အိပ်ရာကနိုးတာနဲ့ ခေါင်းတွေကိုက်ခဲပြီး စိတ်မကြည်မလင်ဖြစ်နေတာဟာ ညဘက်အိပ်စက်ချိန်တွေမှာ သွားကြိတ် တတ်တဲ့ အလေ့အကျင့်ကြောင့်လည်း ဖြစ်ပါတယ်။ သွားကြိတ်တတ်တဲ့ အလေ့အထဟာ တခါတရံမှာဆိုရင် ပြဿနာ မရှိပေမယ့် ပုံမှန်ဖြစ်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
(၄) အိပ်စက်တဲ့အခါ မှန်ကန်တဲ့ခေါင်းအုံးပုံစံမျိုးကို ရွေးချယ်ခြင်းကလည်း အရေးကြီးပါတယ်။ သက်သောင့်သက်သာ မဖြစ်တဲ့ ခေါင်းအုံးအနေအထားနဲ့ အိပ်စက်ခြင်းဟာ လည်ပင်းနာကျင်ခြင်းနဲ့ နောက်ကျောတက်ခြင်းတို့ကို ဖြစ်စေနိုင်ပြီး အိပ်ရာကနိုးတဲ့အခါ လေးလံထိုင်းမှိုင်းခြင်းကို ဖြစ်စေနိုင်ပါတယ်။
(၅) ညဘက်တွေမှာ အရက်အလွန်အကျွံ သောက်သုံးပြီးမှ အိပ်စက်ခြင်းကလည်း မနက် အိပ်ရာထတဲ့အခါ လေးလံ ထိုင်းမှိုင်းစေတဲ့ အချက်တခုဖြစ်ပါတယ်။ အရက်မှာပါဝင်တဲ့ အယ်လ်ကိုဟောဓာတ်ဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေပြီး စိတ်မကြည်မလင်ဖြစ်စေပါတယ်။
Ref ; thedailynet.com